(ခ)-ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် တိုက်ရိုက်ထုတ်လွှင့်မှု ငါးမိနစ်ပြတ်တောက် ရခြင်း၏ အဖြစ်မှန်ကို ရှင်းလင်းပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

အဆိုပါမေးခွန်းကို မတ်လ ၈ ရက် နေ့က မေးမြန်းခဲ့ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့ကျမှ လွှတ်တော်တွင် မေးမြန်းခွင့်ရသည်ကို စိတ်မကောင်းပါကြောင်းနှင့် သို့သော်လည်း ဝန်ကြီးကိုယ်တိုင် လာရောက်ပြီး ဖြေကြားသည်ကို ကျေးဇူးတင်ပါကြောင်း၊ ကိုယ်စားလှယ်များအားလုံး သိပြီးဖြစ်သည့် ဟေမာနေဝင်းသီချင်းကို MNTV မှ ဇန်နဝါရီ ၂၉ ရက်နေ့ လွှတ်တော် Live ပြသည့်အချိန်တွင် ငါးမိနစ်ခန့်ကြားဖြတ် ထုတ်လွှင့်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး မေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးသည့်အချိန်တွင် ပြတ်တောက်ခဲ့သည်ဆိုသည်ကို အားလုံးသတိရ စေချင်ပါကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ဆောင်းပါးတစ်ပုဒ်ဖြင့် ရှင်းချက်ထုတ်ပါကြောင်း၊ ၎င်းမှာတပ်မတော်ပိုင် ဖိုက်ဘာလိုင်း ကျသွားသဖြင့် အစီအစဉ်ဖြတ်တောက်ခြင်း ဖြစ်ကြောင်း ဂြိုဟ်တုဆက်ကြောင်းနှင့် ပြောင်းလဲထုတ်လွှင့်ခဲ့ကြောင်း၊ ပြည်သူများသို့ အသိပေးတောင်းပန်စာ လွှင့်တင်ခဲ့ပြီး ပြတ်တောက်သွားသည့် ငါးမိနစ်စာအပိုင်းကိုလည်း ပြန်လည်ထုတ်လွှင့် ပေးခဲ့ကြောင်း စသည်အားဖြင့် ဖော်ပြပါရှိပါသည်။ သို့သော် တပ်မတော်သတင်းတွင် ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ကွဲလွဲနေပါတယ် ခင်ဗျား။ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်မှာ ဖိုက်ဘာလိုင်က ဇန်နဝါရီ ၂၈ ရက်နေ့ကတည်းက လိုင်းကျနေသဖြင့် MRTV နှင့် တပ်မတော်ဆက်သွယ်ရေးတို့ ချိတ်ဆက်ပူးပေါင်း ပြင်ဆင်ခဲ့ပြီး ၎င်းလိုင်းသည် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အကြာတွင် ပြင်ဆင်ပြီးစီးခဲ့ပါကြောင်း၊ ထို့ကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှ ၂ နာရီ ၂၅ မိနစ်အထိ ရုပ်သံထုတ်လွှင့်မှု ပြတ်တောက်ခြင်းသည် ဖိုက်ဘာလိုင်းနှင့် မသက်ဆိုင်ကြောင်း စသည်အားဖြင့် ဖော်ပြပါရှိပါကြောင်း၊ ၎င်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက တပ်မတော်ကို လွှဲချပါကြောင်း၊ တပ်မတော်ဘက်ကလည်း ၎င်းနှင့်မသက်ဆိုင်သည်ကို ပြောပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများက ပြန်ကြားရေး ဝန်ကြီးဌာနပြောသည်ကို ယုံရမည်လား၊ တပ်မတော်သတင်းထုတ်ပြန်ရေးက ပြောသည်ကို ယုံရမည်လားဆိုသည့်  Issue တစ်ခုဖြစ်လာပါကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၏ တတိယတစ်နှစ်ကာလ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာတစ်ခုက အဆိုပါကိစ္စကို မေးသည့်အပေါ် ဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနမှ မှားယွင်းမှုဖြစ်ကြောင်း တာဝန်ရှိသူများကို အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို Social Media သတင်းများအရ ကြားသိရပါသည်။

သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၂ ရက်နေ့ သတင်းစာတွင် ယခုလို အတိအကျ ဖော်ပြထားခြင်း မရှိပါကြောင်း၊ ၎င်းမှာ လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးနေစဉ် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေကို မေးမြန်းပါသည်ဟု ပြောပါကြောင်း၊ ယခုအချိန်အထိ သတင်းစာထဲတွင် ဖိုင်ဘာဆက်ကြောင်းကိုသာ အပြစ်ပုံချနေသည်ကို သိစေချင်ပါကြောင်း၊ ယခုလို မေးခွန်းမျိုးကို ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် Press Conference တွင် မေးခဲ့သည့် မီဒီယာသတင်းထောက်ကိုလည်း ချီးကျူးပါကြောင်း၊ မီဒီယာကို စတုတ္ထမဏ္ဍိုင်ဟု ပြည်သူများက အသိအမှတ် ပြုစေချင်လျှင် အစိုးရ၏အားနည်းချက်များ၊ ချို့ယွင်းချက်များကို ယခုလို များများဖော်ထုတ်ရန် လိုအပ်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနက မှားယွင်းကြောင်း ဝန်ခံခြင်းကို ဖော်ပြရဲသည့် ဂျာနယ်များကိုလည်း အသိအမှတ်ပြုပါကြောင်းနှင့် မဖော်ပြရဲသည့် ဂျာနယ်များကို မိမိကိုယ်ကိုယ် စတုတ္ထမဏ္ဍိုင်ဟု မပြောသင်‌့ပါကြောင်း၊ မီဒီယာများရှေ့မှောက်တွင် ဝန်ခံပြီးဖြစ်သည့် ကိစ္စဖြစ်သော်လည်း အဆိုပါကိစ္စသည် လွှတ်တော်တွင် ဖြစ်ခဲ့သည့်အတွက် လွှတ်တော်တွင် ဝန်ကြီးဌာနက ဝန်ခံရှင်းလင်းခြင်းကသာ ပိုမိုပြီးအဓိပ္ပာယ်ရှိသကဲ့သို့ ပိုမိုပြီးမှ ပြည့်စုံမည်ဖြစ်ပါကြောင်း၊ လူတိုင်းအမှားနှင့် မကင်းကြပါကြောင်း၊ သို့သော် ခဏခဏမမှားရန်နှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည့် ကိစ္စမျိုးတွင် မမှားကြရန် နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိ မမှားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးခွန်းက ဇန်နဝါရီ ၂၉ ရက်နေ့က MNTV တွင် ပြသလျက်ရှိသည့် လွှတ်တော် Live ပြသမှု နေ့လယ် ၂ နာရီ ၂၀ မိနစ်မှ ၂၁ နာရီ ၂၅ မိနစ်အထိ  ငါးမိနစ်ပြတ်တောက်မှု နှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ရှင်းလင်းပေးနိုင်ပါရန် မေးမြန်းအပ်ပါသည်။