(က)-ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီးသော နှစ်အလိုက်ဥပဒေများအား အများပြည်သူလေ့လာနိုင်ရန် လုံလောက်စွာဖြန့်ဖြူးပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန၏ ကျင့်သုံးဆဲဥပဒေစာရင်းကို ၃-၉-၂၀၁၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထုတ်ဝေသည့် ကြေးမုံသတင်းစာဖြင့် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ထုတ်ပြန်သည့်ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲဥပဒေစာရင်းကို ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ တည်ဆဲဥပ‌ဒေစုစုပေါင်း ၉၁၇ ခုရှိကြောင်း ယင်းတည်ဆဲဥပဒေ ၉၁၇ ခု အနက် ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲ ၃၉၇ ခုကို သြဂုတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း တင်ပြပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျင့်သုံးဆဲဥပဒေ ၃၉၇ ခုတို့တွင် မည်သည့်ဥပဒေသည် နောက်ဆုံးဖြစ်သည်ကို လေ့လာကြည့်ပါက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို နောက်ဆုံး ပြဋ္ဌာန်းခဲ့သည့် ဥပဒေအဖြစ် စာရင်းပြုစုထားသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို ၆-၄-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၆) ဖြင့် ပြဋ္ဌာန်းထုတ်ပြန် ခဲ့ပြီးဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲဥပဒေ စာရင်းစုစုပေါင်း ၉၁၇ ခု စာရင်းပြုစုရာတွင် ပြဋ္ဌာန်းခဲ့သည့် မူရင်းဥပဒေများသာမက ယင်းမူရင်း ဥပဒေများကို ပြင်ဆင်ခဲ့သည့် ဥပဒေများကိုပါ စာရင်းပြုစုရာတွင် ပြဋ္ဌာန်းထားသော်လည်း ထုတ်ပြန်ထားသည့် ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲဥပဒေများစာရင်း ၃၉၇ ခု အနက် မူရင်းတည်ဆဲဥပဒေသာဖြစ်ပြီး ယင်းမူရင်းဥပဒေများကို ပြင်ဆင်သည့် ဥပဒေများကို သီးခြားပြဋ္ဌာန်း ထားသည်ကိုမတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တည်ဆဲဥပဒေ ၃၉၇ အပြင် ဖော်ပြထားခြင်း မရှိသော ပြင်ဆင်ဆဲဥပဒေစာရင်းတွင် ၂၆၈ ခုရှိနေသည့်အတွက် ယခုဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲဥပ‌ဒေများမှာ ၆၆၅ ခုရှိကြောင်း တွေ့ရှိရသည့်အပြင် ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၆ ခုနှစ် နောက်ပိုင်းဥပဒေ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ဥပဒေများနှင့် ပေါင်းစပ်လေ့လာကြည့်ပါက ယနေ့ထိပြဋ္ဌာန်းသော ဥပဒေပေါင်းမှာ ၇၀၀ ကျော်ရှိကြောင်း တွေ့ရှိရ ပါသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများမှာ စာပေဗိမ္မာန်ထက် အခြားပုဂ္ဂလိက ဥပဒေအရောင်းဆိုင်များတွင် ပိုမိုပြည့်စုံနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းပြီးဥပဒေများကို ဥပဒေသုတေသီဟူ၍ အမည်တပ်ပြီး ဥပဒေတစ်ခုချင်းအလိုက် စာအုပ်အရောင်းဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရှိရပါကြောင်း၊ အများပြည်သူများအနေဖြင့် နိုင်ငံတော်မှ ထုတ်ပြန်သောဥပဒေများကို လုံလောက်စွာဝယ်ယူ၍ မရရှိသည့်အတွက် ပြင်ပထုတ် ဥပဒေစာအုပ်များကို ဝယ်ယူဖတ်ရှုလေ့လာနေရသည်ကို တွေ့ရှိရပါကြောင်း၊

ပြင်ပထုတ်စာအုပ်များမှာ ပြည်ထောင်စုလွှတ်တော် ပြဋ္ဌာန်းဥပ‌ဒေတစ်ခုချင်း သို့မဟုတ် အတွဲလိုက်ကို ပုဂ္ဂလိကအစီအစဉ်ဖြင့် ဖြန့်ဝေခြင်းဖြစ်သည့်အတွက် တရားရုံးများတွင် တရားဝင်ကိုးကားရန် မဖြစ်နိုင်ခြင်း၊ ငွေကြေးတန်ဖိုးအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ တစ်နှစ်ချုပ်စာအုပ် တစ်အုပ်၏ တန်ဖိုးထက် ပြင်ပထုတ်ဥပဒေ တစ်ခုချင်း၏ တန်ဖိုးသည် ပို၍များပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး ဥပဒေစာအုပ်များကို အများပြည်သူများ ဝယ်ယူဖတ်ရှု လေ့လာနိုင်ရန်အတွက် နှစ်အလိုက်သင့်တင့်သော စာအုပ်အရေအတွက်များ ထုတ်ဝေရောင်းချ ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။