(ဃ)-အထက်တန်းရှေ့နေများအား တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြုလက်မှတ်ပေးအပ် ရာတွင် စာမေးပွဲဖြေဆိုသည့်စနစ်ကိုကျင့်သုံးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြန်မာနိုင်ငံတွင် ရှေ့နေလိုက်သူများအက်ဥပဒေအရ အထက်တန်းရှေ့နေနှင့် တရားလွှတ် တော်ရှေ့နေဟူ၍ နှစ်မျိုးခွဲခြားထားပါကြောင်း၊ အထက်တန်းရှေ့နေများဟာ ဥပဒေဘွဲ့ရပြီး မြန်မာ နိုင်ငံတွင် နာမည်ကောင်းဖြင့် အထက်တန်းရှေ့နေအဖြစ် အနည်းဆုံးသုံးနှစ်အဆက်မပြတ် လိုက်ခဲ့ပါက တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်သည့်အကြောင်း တရားလွှတ်တော် ရှေ့နေများဝင်ခွင့်နည်းဥပဒေအရ သိရပါကြောင်း၊ မြန်မာနိုင်ငံတွင် B.A Law(L.L.B) ဝိဇ္ဇာ(ဥပဒေ) ဘွဲ့ကို ၁၉၆၃-၆၄ ခုနှစ်ကစပြီး ၁၀ တန်း အောင်ပြီးကျောင်းသားများကို ရန်ကုန်တက္ကသိုလ်တွင် B.A Law ဝိဇ္ဇာ(ဥပဒေ)ဘွဲ့ လေးနှစ်တက်ပြီး နောက်တစ်နှစ် L.L.B တက်ရောက်ပါက B.A Law(L.L.B) ဘွဲ့ကိုပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၁၉၈၀ ပြည့်နှစ်တွင် B.A Law ကို သီးခြား မပေးတော့ဘဲ ငါးနှစ်ဆက်တိုက်တက်ရောက်ပြီးပါက (L.L.B) ဘွဲ့ကိုပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ၁၉၇၅ ခုနှစ်ကစပြီး ရန်ကုန်တက္ကသိုလ်စာပေးစာယူသင်တန်းတွင်လည်း (L.L.B) ငါးနှစ်တက် ရောက်နိုင်ပါကြောင်း၊ ၁၀ တန်းအောင်ပြီးစလူငယ်များတက်ခွင့်ရကြခြင်း ဖြစ်ပါကြောင်း၊ နောင်တွင် နယ်တက္ကသိုလ်များနှင့် အဝေးသင်တက္ကသိုလ်များကလည်း (L.L.B) ကို ငါးနှစ်တက်ပြီးပါက (L.L.B) ဘွဲ့ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ကို တာဝန်ယူသူများ၏စီမံခန့်ခွဲမှုအလွဲများကြောင့် ပညာရေးစနစ်အားနည်းပြီး ကျောင်းမကြာမကြာ ပိတ်သည့်အတွက် ကျောင်းသားများက သင်ရိုးကုန်အောင်မသင်ခဲ့ရပါကြောင်း၊ ထို့ကြောင့် (L.L.B) ဘွဲ့ကို ငါးနှစ်တက်ရာက လေးနှစ်တက်ပြီး ဘွဲ့ရသည့်ကျောင်းသားများ၊ ရှေ့နေများကို တွေ့လာ ရပါကြောင်း၊ ထိုကဲ့သို့ သင်ရိုးကုန်အောင်မသင်ရသည့်အတွက် Microcopy ဖြင့် အတန်းတင် စာမေးပွဲတွင်ခိုးချပြီး အောင်လာသည့်ဥပဒေကျောင်းသားများလည်း ရှိလာကြပါကြောင်း၊ ယနေ့ ရှေ့နေလောကတွင် ဥပဒေပညာမကျွမ်းကျင်ဘဲ ရှေ့နေအဖြစ်အသက်မွေးဝမ်းကျောင်းပြုနေသူ များ၊ တရားမအဆိုလွှာ၊ ရာဇဝတ်ဦးတိုက်လျှောက်လွှာကို ဖြောင့်တန်းအောင်မရေးတတ်၍ လျှောက်လွှာစာရေးကိုအားကိုးနေရသည့် အထက်တန်းရှေ့နေများ၊ တရားလွှတ်တော်ရှေ့နေ များကို တွေ့လာရပါကြောင်း၊
ဥပဒေနယ်ပယ်တွင် ရှေ့နေမကျွမ်းကျင်ပေါ့ဆရင် တရားခံခြောက်ပေမြေပေါ်ရောက်သည် ဟူ သော ဆိုရိုးစကားရှိပါကြောင်း၊ ဥပဒေမကျွမ်းကျင်သည့်ရှေ့နေကိုငှားရမ်းမိပါက တရားခံက ကြိုး စင်ထိတက်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ရှေ့နေများသည် တရားရုံး၏အရာရှိများ ဖြစ်သည့်အတွက် ရှေ့နေများအားကောင်းမောင်းသန်ပါက တရားစီရင်ရေး၊ တရားရုံးများလည်း အားကောင်းမောင်းသန်လာမည် ဖြစ်သည့်အတွက် တရားရုံး၏အရာရှိများဖြစ်သော ရှေ့နေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားလွှတ်တော်ရှေ့နေအဖြစ်လျှောက်ထားရာတွင် အထက် တန်းရှေ့နေလုပ်သက်သုံးနှစ်ပြည့်မြောက်ပြီးမှ တရားလွှတ်တော်ရှေ့နေဝင်ခွင့်ကို စာမေးပွဲဖြင့် ဖြေဆိုရန်ဟူသည့်စနစ်ဖြင့် ပြင်ဆင်ပြောင်းလဲရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။