(ဇ)-ဝိုင်းမော်မြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မိမိတို့ဝိုင်းမော်မြို့နယ်က လူဦးရေတစ်သိန်းကျော် နှစ်သိန်းခန့်နေထိုင်သော မြို့နယ်ဖြစ်ပါကြောင်း၊ ယခင် ၂၀၁၆ ခုနှစ်တွင် မိမိတို့မြို့နယ်ဆေးရုံကြီးကို ခုတင် ၅၀ အဖြစ် အဆင့်တိုးမြှင့်ပေးရန် ကြယ် ပွင့်ပြမေးခွန်း မေးမြန်းခဲ့ဖူးပါကြောင်း၊ ထိုစဉ်က သက်ဆိုင်ရာဌာနအနေဖြင့် ခုတင် ၅၀ တိုးမည် ဆိုပါက လိုအပ်သောအဆောက်အဦများ၊ ခုတင်အသုံးချမှုများ လိုအပ်သည့်အကြောင်းကို ရှင်းလင်းဖြေကြားခဲ့ပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် အဆောက်အဦလျာထားမည်ဟု ဖြေကြားသည့်အတိုင်း လက်ရှိတွင်အဆောက်အဦကို ဆောက်လုပ်ပေးနေပြီ ဖြစ်ပါကြောင်း၊ ခုတင် အသုံးချမှုဆိုရာတွင် လူဦးရေအနည်းအများနှင့် တိုက်ရိုက်သက်ဆိုင်မှုအလွန်မရှိသော်လည်း ၎င်း ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏စွမ်းဆောင်ရည်အပေါ်တွင်လည်း အနည်း အကျဉ်း သက်ဆိုင်နေပါကြောင်း၊ ယခင်က မိမိတို့မြို့နယ်ထဲက လူနာများ၊ ပြည်သူများဖျားနာပါက မြစ်ကြီးနားဘက် ပြည်သူ့ဆေးရုံကြီးကိုသွားပြီး ဆေးကုသမှုခံယူရပါကြောင်း၊ မွေးဖွားသည်ကအစ ခွေးကိုက်ခြင်းကအဆုံး ခေါင်းပေါက်သည်အပါ အားလုံးမြစ်ကြီးနားဆေးရုံကြီးကိုသာသွားရောက်ပြီး ဆေးထိုးနှံရ၊ ကုသမှုကိုခံယူရပါကြောင်း၊ ယခုအချိန်တွင် မိမိတို့မြို့နယ်တွင် အမှန်တကယ် လူမျိုး၊ ဘာသာမခွဲခြားဘဲစေတနာထားပြီး ကုသပေးသောဝန်ထမ်းများကို ခန့်ထားပေးသည့်အတွက် လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီး၏အဝင်စြင်္ကံညာဘက်တွင် အမျိုးသားလူနာကုသဆောင်ရှိပြီး ဘယ်ဘက်တွင် အမျိုးသမီးလူနာကုသဆောင်၊ မွေးခန်းကုသ ဆောင်နှင့် ကလေးကုသဆောင် ရှိပါကြောင်း၊ အမျိုးသားကုသဆောင် အခန်းများတွင်လည်း ခုတင်အပြည့်အသုံးပြုပြီး လူသွား (Corridor) စြင်္ကံအပေါ်တွင်လည်း ခုတင်ထိုးပြီးကုသနေ ပါကြောင်း၊ အမျိုးသမီးကုသဆောင်အခန်းတွင်လည်း လူအပြည့်ရှိပါကြောင်း၊ ဆေးရုံအဆောင်ကြီး မှာ မကြာခင်ပြီးစီးတော့မည်ဖြစ်ပြီး လေးခန်းတွဲလေးထပ်ဝန်ထမ်းအိမ်ရာကို လက်ရှိ ဆောက်လုပ် နေပါကြောင်း၊

မဲဆန္ဒရှင်ပြည်သူများ တခြားမြို့နယ်များတွင် ခက်ခက်ခဲခဲသွားရောက်ကုသမှု မလိုအပ်တော့ဘဲ မိမိမြို့နယ်တွင်သာ စိတ်အေးလက်အေး၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုသနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။