(ဈ) သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား ခေါ်ဝေါ်သုံးစွဲရာတွင်လည်းကောင်း၊ ဖော်ပြရေးသားရာတွင် လည်းကောင်း သွားဘက်ဆိုင်ရာဆရာဝန် စကားရပ်အစား သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် စကားရပ်ကိုအစားထိုးသုံးစွဲပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်နှင့် အခြားဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား ရုံးကိစ္စနှင့်ပတ်သက်၍ ခေါ်ဝေါ်သုံးစွဲရာတွင်လည်းကောင်း၊ ဖော်ပြရေးသားရာတွင်လည်းကောင်း သွားဘက်ဆိုင်ရာ ဆရာဝန်ဆိုသော စကားရပ်အစား သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဆိုသော စကားရပ်ကို အစားထိုး သုံးစွဲပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

 

မြန်မာနိုင်ငံတွင် ယနေ့အထိ သွားနှင့်ခံတွင်းဆိုင်ရာမှတ်ပုံတင်ရပြီးသူ ၄၀၀၀ ကျော်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းတွင်ပင် တာဝန်ထမ်းဆောင်နေသူ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန် ၉၀၀ ကျော်နှင့် ၁၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ အခြားဝန်ကြီး ဌာနများတွင်လည်း သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များသည် သက်ဆိုင်ကဏ္ဍအလိုက် အသီးသီး တာဝန်ထမ်း‌ဆောင်လျက်ရှိကြပါကြောင်း၊ အဆိုပါ ဝန်ထမ်း၊ ဆရာဝန်များနှင့်ပတ်သက်ပြီး ရုံးစာ များ၊ ညွှန်ကြားချက်စာများ၊ အလုပ်ခန့် ရာထူးတိုး‌ပြောင်းရွှေ့စာ စသည့်ရုံးလုပ်ငန်းဆိုင်ရာ စာတွင် ယနေ့တိုင် သွားဘက်ဆိုင်ရာဆရာဝန်ဟုသာ သုံးစွဲလျက်ရှိပါကြောင်း၊

ထိုကဲ့သို့သုံးစွဲသည်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥပဒေ အခန်း (၁)  အပိုဒ် ၂ အပိုဒ်ခွဲ (ဆ) တွင်ဖော်ပြထားသည့် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟူသည့် အဓိပ္ပာယ်ဖော်ပြချက်နှင့် ကွဲလွဲလျက်ရှိသောကြောင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းကောင်စီဥပဒေနှင့် ကိုက်ညီမှုမရှိသည့် အခေါ်အဝေါ်ကိုသုံးစွဲနေသည်ဟုမှတ်ယူရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်အသင်းနှင့် ပတ်သက်လျှင်လည်း ဖွဲ့စည်းပုံစည်းမျဉ်းကို အသင်း သားများဆန္ဒဖြင့် ပြင်ဆင်ရေးဆွဲအတည်ပြုခဲ့ရာတွင် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များက သွား နှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟုသာ ခေါ်ဝေါ်သုံးစွဲရန် နှစ်သက်ကြသည့်အတွက် သဘောတူခဲ့ကြ ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တစ်ခေတ်တစ်ခါက သွားဘက်ဆိုင်ရာ CTP များ၏ စည်းကမ်းများတွင် သွားဘက်ဆိုင်ရာဆိုင်းဘုတ်များကိုသုံးစွဲခဲ့သည်မှာ အကြောင်းတစ်ရပ်ဖြစ်ခဲ့ပါ ကြောင်း၊

သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဆိုသည်မှာ အခြေခံသိပ္ပံပညာ၊ အခြေခံဆေးပညာ၊ သွားနှင့်ခံတွင်း ဆိုင်ရာဆေးပညာရပ်များကို ငါးနှစ်သင်ယူတတ်မြောက်အောင်မြင်ပြီးပါက အလုပ်သင်ဆရာဝန် တစ်နှစ် ကျေပွန်စွာထမ်းဆောင်ထားရပါကြောင်း၊ သွားရောဂါသီးသန့်ကိုသာ ကုသပေးသော ဆရာဝန်အမျိုးအစားမဟုတ်ဘဲ ခံတွင်းနှင့်သက်ဆိုင်သောဘာသာရပ်များဖြစ်သည်‌့ မေးရိုးခံတွင်း ဆေးပညာ၊ မေးရိုးခံတွင်း‌ခွဲစိတ်ကုပညာစသည့်ဘာသာရပ်များကိုပါ တတ်မြောက်အောင်မြင် ထားခြင်းဖြစ်သည့်အတွက် သွားနှင့်ခံတွင်းလူနာများ၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ကုသ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်လျက်ရှိသော သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား ပြည်သူလူထုအပေါင်းမှ ပိုမိုရှင်းလင်းတိကျနားလည်အားကိုးနိုင်ရန် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာဆေးကောင်စီနှင့်ညီညွတ်စေရန် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟု အစားထိုးခေါ်ဝေါ်သုံးစွဲ ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။