(စ)-လစာခံစားခွင့်မရှိသေးသော ဝန်ထမ်းသစ်ဆရာဝန်များအားလုံးကို ဗဟိုဝန်ထမ်းတက္ကသိုလ် တက်စေ ခြင်းအစား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ယူမည့် သူများကိုသာ တက်ရောက်စေရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) ပါမောက္ခချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့တက္ကသိုလ်ကို တက်ရောက်နေကြသည့် သင်တန်းသားထဲတွင် ဆရာဝန်သစ်လွင်များသည် စည်းကမ်းလိုက်နာမှု အားနည်းကြပြီး သင်တန်းပို့ချက်များကိုလည်း စိတ်ဝင်စားမှု မရှိကြပါကြောင်း၊ ၎င်းတို့သင်တန်း တက်ရန်အတွက် နိုင်ငံတော်မှ ဘတ်ဂျက်များစွာ ကုန်ကျခံရကြောင်း၊ ပြောကြားချက်အပေါ် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သဖြင့် အဆိုပါမေးခွန်းကို မေးရခြင်းဖြစ်ပါသည်။
ဝန်ထမ်းဆရာဝန် သစ်လွင်အများစုသည် ဆေးရုံကြီးများတွင် လက်ထောက် ဆရာဝန်များအဖြစ် လုပ်ငန်းကျွမ်းကျင်အောင် နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ရကြောင်း သိရပါသည်။ ယခုလိုကာလတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားချက်များသည် အသုံးမဝင်ဘူးဟု ယူဆကြသဖြင့် ပါမောက္ခချုပ် သတင်းစာရှင်းလင်းပွဲတွင် ပြောသလိုမျိုး ဖြစ်ကြခြင်းဟု မြင်ပါကြောင်း၊ ဝန်ထမ်းဆရာဝန် အများစု၏ ရည်မှန်းချက်ကလည်း ဆေးကုသရန်နှင့် အထူးကုဖြစ်ရန် ဖြစ်နေသည့်အတွက် သင်တန်း၏ သင်ကြားပို့ချ ချက်များကို ပြန်လည်အသုံးချရန် များများစားစား မရှိသည်ကို မြင်ကြပါကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆရာဝန် ၂၀၀၀ ဦးကျော် လိုအပ်ပြီး အလုပ်ခေါ် သော်လည်း ၁၀၀၀ ခန့်သာ လျှောက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးက ၄၆ ဦး ပေးမအောင်သော်လည်း ပြန်လည်ညှိနှိုင်းပြီး အားလုံးလက်ခံသည်ကို ကြားသိရပါကြောင်း၊ လက်ရှိ ၁၀၀၀ ဦးကျော် လိုအပ်ချက် ရှိနေခြင်းလည်း တွေ့ရှိရပါကြောင်း၊ ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် နှစ်စဉ် ၅၀၀ ဦး မှ ၁၀၀၀ ဦး ဝန်းကျင် ဆရာဝန်များကို အလုပ်ခန့်ရန် လိုအပ်သည်ဟု သိရပါကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်တန်းပေးနိုင်မည့် အချိန်ကိုစောင့်ပြီး အလုပ်ခေါ်မည်ဆိုလျှင် ဆရာဝန်လိုအပ်သည့် ဒေသများအတွက် များစွာနစ်နာနေခြင်း ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် အလုပ်လုပ်နေရင်း ပညာသင် ချင်သည့် ဆရာဝန်သစ်လွင်များ အတွက်လည်း များစွာနစ်နာသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု ထင်မြင်မိသည့်အပြင် ဝန်ထမ်းလစာခံစားခွင့်မရခင် သင်တန်းတက်ရသည့်အတွက် စရိတ်စက အလွန်များပြီး မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်စေပါကြောင်း၊
ဝန်ထမ်းဖြစ်ပြီးမှ ဝန်ထမ်းတက္ကသိုလ် တက်စေလိုပါကြောင်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ယူမည့် ဆရာဝန်များအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်၏ သင်ကြားပို့ချချက်များသည် များစွာအသုံးဝင်သည်ဟုလည်း သိရသည့်အတွက်ကြောင့် မြို့နယ်ကျန်းမာရေး ဦးစီးမှူးဖြစ်ခါနီး ဆရာဝန်များနှင့် တခြားစီမံခန့်ခွဲမှု တာဝန်ယူရမည့် ဝန်ထမ်းဖြစ်ပြီးသူ ဆရာဝန်များကိုသာ စိစစ်ရွေးချယ်ပြီး သင်တန်းတက်စေခြင်းဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ကုန်ကျမှု သက်သာမည်ဖြစ်ပြီး ဆရာဝန်များဘက်မှ စရိတ်စကသက်သာမည်လည်း ဖြစ်ပါကြောင်း၊ ဆရာဝန်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ခန့်အပ်ဖြည့်ဆည်းနိုင်မဖြစ်ဖြစ်ပြီး လူနာများအတွက်လည်း ယခုထက်ပိုပြီး ထိရောက်ပြည့်စုံသည့် ကုသခံယူခွင့်ရမည်ဟု မြင်မိပါကြောင်း၊ သင်တန်းတက်ရမည့် သူများကလည်း သင်တန်းဆင်းသည်နှင့် လက်တွေ့အသုံးချကြမည် ဖြစ်သည့်အတွက် စည်းကမ်းလိုက်နာမှု၊ သင်ကြားပို့ချချက်များကို စိတ်ဝင်စားမှုရှိလာမည်ဟုလည်း ယုံကြည်ခြင်းကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။