(ဆ)-ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား ခုတင်(၁၀၀)ဆံ့အမျိုးသမီးဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ နေ့စဉ်များပြားစွာ လာရောက်ပြသ ကြကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ပြင်ပလူနာအဖြစ် လာရောက်ပြသတာ ၁၂၀၀၀ ကျော်ရှိပါကြောင်း၊

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသည် အမှတ်(၃၂)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၃.၂၈၂ ဧက ကျယ်ဝန်းပါကြောင်း၊ ယခင်က တာဝါလေးအမျိုးသမီးဆေးရုံ အမည်တွင်ခဲ့ပြီး ယင်းအဆောက်အဦကို ၁၉၃၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမျိုးသမီးနှင့်ကလေးများ စောင့်ရှောက်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေါ်ခင်ကြည်သားဖွား ဆေးရုံဟု အမည်ပြောင်းလဲအသုံးပြုခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် စီမံခန့်ခွဲခဲ့ပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနလက်အောက်သို့ ထားရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် အကုန်အကျခံကာ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအမည်အစား ဗဟန်းအမျိုးသမီးဆေးရုံအမည်သို့ ပြောင်းလဲပြီး ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ နောက်ပိုင်း ယင်းဆေးရုံမှာ တစစယိုယွင်းပျက်စီးပြီး မွေးလူနာမရှိသလောက် ဖြစ်ခဲ့ရပါကြောင်း၊ ၂၀၁၆ ခုနှစ် မေလတွင် တရုတ်-မြန်မာချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ချက်အရ အကြီးစားပြန်လည် ပြုပြင်ခဲ့ပါကြောင်း၊ သက်တမ်း ၈၄ နှစ်ရှိပြီဖြစ်သော မူလဆေးရုံအဆောက်အဦကို ရှေးပုံစံမပျက် ပြုပြင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရုတ်-မြန်မာချစ်ကြည်ရေးပုံရိပ် အဖြစ် ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအခါ အတွင်းလူနာ ၄၀ ဦးအား ကုသပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ကုသပေးလျက် ရှိပါကြောင်း၊ ယခုအခါ ကိုယ်ဝန်ဆောင်မိခင်များစောင့်ရှောက်ကုသမှုမှာ တစ်နေ့တခြား တိုးတက်များပြား လျက်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှ ၁၅၀ ဦးခန့် လာရောက်ပြသလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၁၂၀၀၀ ကျော် စောင့်ရှောက်ကုသပေးခဲ့ရပါကြောင်း၊ ရိုးရိုးမွေးဖွားခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသခြင်းများကို ၂၄ နာရီ ပိတ်ရက်မရှိ လက်ခံကုသပေးလျက် ရှိပါကြောင်း၊ ထိုကြောင့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသည် ကိုယ်ဝန်ဆောင်မိခင်များ၏ အားကိုးအားထားပြုရာနေရာတစ်ခု ဖြစ်လာနေပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရှိန်အဟုန်ဖြင့် အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်ရန် ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအား ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။