(ည)-မန္တလေးမြို့ GMP တိုင်းရင်းဆေးဝါးစက်ရုံ အဆောက်အဦနှင့် တပ်ဆင်ထားသော စက်ပစ္စည်းများသည် GMP စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီမှုရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မန္တလေးမြို့ GMP တိုင်းရင်းဆေးဝါးစက်ရုံအဆောက်အဦနှင့် တပ်ဆင်ထားသော စက်ပစ္စည်းများသည် GMP စံသတ်မှတ်ချက်အရည်အသွေးများ ပြည့်မီမှုရှိ/မရှိနှင့် စက်ရုံကြီးပြီးသွားပါက တိုင်းရင်းဆေးရုံနှင့် ဆေးကုသဌာနများအတွက် လိုအပ်သောဆေးဝါးများအား အရည်အသွေးပြည့်မီစွာ အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့် အခြေအနေရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာ့တိုင်းရင်းဆေးမှာ ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေး ရုံကြီးသုံးရုံအပါအဝင် တိုင်းရင်းဆေးရုံပေါင်း ၄၀ ရှိပါကြောင်း၊ ခရိုင်နှင့်မြို့နယ် ဆေးကုဌာနပေါင်းက ၂၆၀ ထိရှိပါကြောင်း၊ အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် သုံးရန်ဆေးဝါးများကို ရန်ကုန်နှင့်မန္တလေးတွင်ရှိသည့် တိုင်းရင်းဆေးဝါး စက်ရုံနှစ်ရုံမှ ဆေးဝါး ၂၅ မျိုးကို ထုတ်လုပ်နေခြင်းဖြစ်ပြီး အများအားဖြင့် ထုတ်လုပ်သည်မှာ ဆေးမှုန့်များ ဖြစ်ပါကြောင်း၊ ထုတ်ပိုးမှုကစပြီး တော်တော်ခေတ်နောက်ကျခြင်း၊ ဆွဲဆောင်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊

အထက်ဖော်ပြပါ များပြားလှသည့် တိုင်းရင်းဆေးရုံများနှင့် ဆေးကုဌာနများအတွက် လိုအပ်သည့် ဆေးဝါးများကို အရည်အသွေးစံနှုန်းပြည့်မီစွာ ကောင်းမွန်သော ကျင့်စဉ်နှင့်အညီ ထုတ်လုပ်မည့် GMP အဆင့် တိုင်းရင်းဆေးဝါး စက်ရုံကြီးကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ရေး ၂၀၁၂-၁၃  ဘတ်ဂျက်နှစ်မှစပြီး ငွေလုံးငွေရင်း ဘဏ္ဍာငွေများ ချပေးခဲ့သည်မှာ ယခုဆိုလျှင် ၄.၆၇ ဘီလီယံ ထိ ဖြစ်ပါကြောင်း၊ စက်ရုံကြီးကို ၂၀၁၉ ခုနှစ် မတ်လထဲတွင် ဖွင့်ပွဲလုပ်ခဲ့သော်လည်း တစ်ရက်သာ လည်ပတ်ပြီး ရပ်သွားခြင်း၊ ဆေးမှုန့်ငါးမျိုးကိုသာ ထုတ်လုပ်ပြခဲ့ခြင်း ရှိပြီးသားစက်ရုံနှစ်ရုံ အဆင့်ထိတောင် စွမ်းဆောင်ရည် မရှိသေးသည်နှင့် အပြည့်အဝ မလည်ပတ်နိုင်သေးသည့်အတွက် ၂၀၁၉-၂၀ ဘတ်ဂျက်တွင် ရန်ပုံငွေထပ်တောင်းပြီး ဆောင်ရွက်သွားမည်ဟု တွေ့ရ၊ မြင်ရ၊ ကြားရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံများ ဖြစ်သွားပြီလား ဆိုသည်ကို အလွန်စိုးရိမ်ရပါကြောင်း၊

မိမိတို့နိုင်ငံတွင် အလွန်လိုအပ်နေသည့် စံရည်မီအဆင့်မြင့်ဆေးဝါး ထုတ်လုပ်နိုင်ရေး နိုင်ငံတကာ အဆင့်မီသည့် GMP တိုင်းရင်းဆေးဝါးစက်ရုံကြီး တည်ဆောက်ရေးကို တိုင်းပြည်အလွန်ချို့တဲ့သည့် ဘဏ္ဍာငွေကြေးများထဲမှ ငါးဘီလီယံနီးပါးကို ရည်ရွယ်ချက်ကြီးမားစွာဖြင့် ချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ရပ်ကွက်လူနေအိမ် များကြားမှာ အလွန်မသင့်တော်သည့် နေရာတွင် တည်ဆောက်ခြင်း စက်ရုံကြီးအနေဖြင့် ရေသန့်သုံးစွဲမှုနှင့် ရေဆိုးထုတ်လုပ်မှုများ စနစ်မကျခြင်း၊ Transformer နှင့် မီးစက်ကိုပိတ်ဆို့ ဆောက်လုပ်ထားခြင်း၊ စက်များထားရှိခန်းများ အချိုးအစား မညီသည့်အတွက်  အုတ်နံရံများ ဖြိုချခဲ့ရခြင်း၊ စတင်ဆောက်ကတည်းက GMP စံကိုက်လိုင်းအတိုင်း မဟုတ်ဘဲ အလွဲအမှားများစွာများ ဖြစ်ခဲ့ခြင်းကို စုံစမ်းစစ်ဆေးရေး အဖွဲ့များဖွဲ့ပြီး အကြိမ်ကြိမ်စစ်ဆေးခဲ့ သော်လည်း မှားယွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အဖြေမထွက်ခြင်းများက အလွန်စိတ်ပျက် စရာ၊ စိုးရိမ်စရာများ ဖြစ်ရပါကြောင်း၊

ဆေးဆရာများ၏ အဓိကလက်နက်မှာ ဆေးဝါးဖြစ်ပါကြောင်း၊ တိုင်းရင်းဆေး အမျိုးပေါင်း ၁၀၀ ခန့်ရှိပြီး တိုင်းရင်းဆေးဖုံ ၅၇ မျိုးရှိပါကြောင်း၊ ၎င်းတို့ထဲမှ ၂၅ မျိုးကိုသာ ဆေးမှုန့်များအဖြစ်သာ ထုတ်လုပ်ပြီး ရေလဲသုံးနေကြရခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုလျှင် စံမီသည့် အဆင့်မြင့်ဆေးဝါးများ ထုတ်လုပ်ရန် လိုအပ်သလို အမျိုးအမည်များကိုလည်း ထပ်တိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေး ဘတ်ဂျက်ကိုလည်း ကျန်းမာရေးဘတ်ဂျက်၏ တစ်ရာခိုင်နှုန်းသာ သုံးစွဲနေသည်ကိုပြင်ပြီး ထပ်တိုးပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ တိုင်းရင်းဆေးများသည် ကမ္ဘာမှာရှေ့တန်းကို ရောက်နေကြသော်လည်း မြန်မာ့တိုင်းရင်းဆေးက အလွန်နောက်ကောက်ကျ ကျန်နေခဲ့သည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊

မြန်မာနိုင်ငံတွင်ရှိသည့် ပုဂ္ဂလိကတိုင်းရင်းဆေးဝါး စက်ရုံအချို့ကို ကိုယ်တိုင်သွားရောက်ပြီး လေ့လာကြည့်သည့်အခါ စက်ရုံကြီးနှစ်ရုံသည် GMP စံသတ်မှတ်ချက်အတိုင်း ကြိုးစားဆောင်ရွက်နေ ခြင်းကို တွေ့ရှိရပြီး ကျန်ဆေးဝါးစက်ရုံများကလည်း ISO လက်မှတ်များ ရထားပြီး GMP အဆင့်ဖြစ်ရေး စံသတ်မှတ်ချက်များအတိုင်း ကြိုးစားဆောင်ရွက် နေခြင်းကို အားရစွာတွေ့ရှိရသော်လည်း မန္တလေး မြို့ GMP တိုင်းရင်းဆေးဝါး စက်ရုံကြီးက ကုန်ကျမှုများ များသလောက် အကျိုးရလဒ်ကောင်းများ ထွက်မလာသည်ကို ဝမ်းနည်းစွာ တွေ့ရှိရုသည့်အတွက် အဆိုပါမေးခွန်းကို မေးမြန်းရခြင်းဖြစ် ပါသည်။