(ခ)-ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်ရရှိထားသူများအား နိုင်ငံတော်မှ ထိုက်သင့်သည့်ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၆) အရ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် CF နှင့်ပတ်သက်ပြီး ရည်ရွယ်ချက် ငါးခုပါဝင်ရန် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ဝင်ငွေ ရရှိစေခြင်း၊ သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစနစ်မြှင့်တင်ခြင်း၊ သစ်တောကာကွယ် ထိန်းသိမ်းခြင်း တို့ဖြစ်ပြီး သစ်တောဦးစီးဌာနကလည်း နည်းပညာပံ့ပိုးမည်ဟု ဖော်ပြထားပါကြောင်း၊ လေ့လာ ချက်အရ CF လုပ်ငန်းနှင့် ၅ မိုင်အတွင်းနေထိုင်သူ ဒေသတွင် ငါးနှစ်တစ်ဆက်တည်း နေထိုင်သူကိုသာ ဦးစားပေးထားသည့်အတွက် ဒေသခံကိုသာ မြေလုပ်ပိုင်ခွင့်နှင့် နည်းပညာ ပေးအပ်မည်ဆိုသည့် သဘောဖြစ်ပါကြောင်း၊ သို့သော်လည်း အရင်းအနှီး ပေးမည်ဆိုသည့် အချက်က လုံးဝမပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်း ပြုရာတွင် လယ်မြေကိုစိုက်ပျိုးခြင်း၊ ယာမြေကိုစိုက်ပျိုးခြင်း၊ သစ်တောကြိုးဝိုင်း ခွင့်ပြုမြေတွင် စိုက်ပျိုးခြင်းစသည်တို့ ပါဝင်ပါကြောင်း၊ မည်သည့်စိုက်ပျိုးနည်းဖြစ်ပါစေ အောင်မြင်ရေး အတွက်ဆိုလျှင် စိုက်ပျိုးမည့််မြေရှိရမည် ဖြစ်ပါကြောင်း၊ နည်းပညာ အရင်းအနှီးတို့လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် သက်သေခံလက်မှတ် (ပုံစံ-၇) ရှိလျှင် တစ်ဧကကို လယ်အတွက်ဆိုလျှင် ကျပ်တစ်သိန်းခွဲ၊ (ပုံစံ-၇) ရှိသည့် ယာမြေဆိုလျှင် ဆောင်သီးနှံအတွက် တစ်ဧကကို ကျပ်တစ်သိန်းထုတ်ချေးလျက် ရှိပါကြောင်း၊ သို့သော်လည်း CF ဆောင်ရွက်ခွင့်လက်မှတ်မှာ (ပုံစံ-၇) ကဲ့သို့ အခိုင်အမာ လုပ်ကိုင်စားခွင့် လက်မှတ်ဖြစ်သော်လည်း ရရှိသူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်း ကျောင်းပြုသူ မြန်မာနိုင်ငံသားများအတွက် တူညီသောအခွင့်အရေးရရှိရန် လိုအပ်လျက်ရှိပါကြောင်း၊ ဤအချက်မှာ မေးခွန်းမေးမြန်းရခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မှာ ပဲရစ်မြို့တွင် သဘောတူညီချက်ပြုခဲ့ရာ၌ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောကို တစ်နိုင်ငံလုံးဧရိယာ၏ ၃၀ ရာခိုင်နှုန်းရှိရန်ဖြစ်သော်လည်း ၂၄.၇၂  ရာခိုင်နှုန်းခန့်သာ ရှိနေသေးခြင်း၊ မြန်မာ့သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း များကလည်း သစ်တောဧရိယာထိန်းသိမ်းရန်နှင့် တိုးတက်ရန်အထူးလိုအပ်လျက် ရှိပါကြောင်း၊ သို့သော်လည်း သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အား နည်းနေခြင်းကြောင့် ဒေသခံပြည်သူများက သစ်တောလုပ်ငန်းတွင် ပါဝင်ရင်း အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေး အတွက်လည်း မေးခွန်းမေးမြန်း ရခြင်း၏ အချက်တစ်ခု ဖြစ်ပါကြောင်း၊

အထက်ဖော်ပြပါ အချက်များကို ပေါ်လွင်စေရန် ပန်းတောင်းမြို့နယ်ကို အခြေပြုပြီး ဥပမာအဖြစ် တင်ပြလိုပါကြောင်း၊ ပန်းတောင်းမြို့နယ်တွင် သစ်တောကြိုးဝိုင်းခုနစ်ခုရှိပြီး မြို့နယ်ဧရိယာ၏ ထက်ဝက်ခန့်မှာ သစ်တောကြိုးဝိုင်း ဖြစ်ခြင်းကြောင့် မြေဧရိယာ၏ ၁၁ ရာခိုင်နှုန်းခန့်သာ တရားဝင် လယ်ယာတို့ကို စိုက်ပျိုးနိုင်ပါကြောင်း၊ ပန်းတောင်းမြို့နယ်တွင် သစ်တောကြိုဝိုင်းဧရိယာ အနီးအနား၌ နေထိုင်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုသူများစွာရှိပါကြောင်း၊ သို့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း သစ်တော ဦးစီးဌာနမှ CF လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ် ပေးအပ်ပွဲတွင် လက်မှတ်ပေးအပ်ခံရသူ သုံးဖွဲ့သာရှိပြီး ထိုစဉ်က သစ်တောဌာနမှ တာဝန်ရှိသူနှင့် တက်ရောက် လာသူများထဲမှ ချေးငွေမရှိ၍ ယခုလိုလုပ်ကိုင်နေသည့်သူ နည်းနေကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် သစ်တောကြိုးဝိုင်းအနီးရှိ ကျေးရွာများ၏ လူထုတွေ့ဆုံပွဲများ တွင်လည်း CF လုပ်ငန်းလုပ်ကိုင်ရန် ရှင်းလင်းပြောကြားရာတွင် အရင်းမရှိ၍ မလုပ်နိုင်ဘူးလို့သာ ပြောကြားသည့် ပြည်သူ့အသံများစွာကို ကြားသိခဲ့ရပါကြောင်း၊ ထို့ကြောင့် ပန်တောင်းဒေသကဲ့သို့ အခြားဒေသများတွင် မြေနှင့်နည်းပညာသာပေးသည့် CF လုပ်ငန်းမှာ ချေးငွေမရှိ၍ အရင်းမရှိ၊ အရင်းမရှိ၍ မလုပ်နိုင်သည့် အခြေအနေများသာ ဖြစ်ပေါ်နေမည်ဖြစ်၍ ဒေသခံပြည်သူလူထု အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်ရရှိ ထားသူများအား နိုင်ငံတော်မှ ထိုက်သင့်သည့် ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။