(ဂ)-ဦးဒက္ခိဏသီရိမြို့နယ်ရှိ ဒေသခံတောင်သူများ၏ အမှန်တကယ် စိုက်ပျိုးထားရှိသည့် လယ်မြေများကို တရားဝင်စိုက်ပျိုးခွင့်အမြန်ရရှိရေး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

 

သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့် ဒေသခံတောင်သူများ လုပ်ကိုင်နေသည့် ကြိုးဝိုင်းအလိုက် သစ်တောကြိုးလယ်စာရင်းများ ဖြစ်ပါကြောင်း၊ ၁၉-၃-၂၀၁၅ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးက ညွှန်ကြားစာထုတ်ခဲ့ပါကြောင်း၊ ထိုညွှန်ကြားစာကို ရည်ညွှန်းပြီး ၂၄-၃-၂၀၁၅ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကြေးတိုင်မြေစာရင်းဦးစီးဌာနက ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ကျူးကျော်အခြေချနေထိုင်သည့် ကျေးရွာတို့၏ဧရိယာ၊ သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ခြင်းများကို စာရင်းပြုစုတင်ပြရန်အတွက် ညွှန်ကြားစာ ဆက်ထုတ်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကြားစာကို ရည်ညွှန်းပြီး နေပြည်တော်မြေစာရင်း ဦးစီးဌာနက မြို့နယ်မြေစာရင်း ဦးစီးဌာနများအနေဖြင့် သစ်တောဦးစီးဌာနများနှင့် ညှိနှိုင်း၍ ပူးတွဲပါပုံစံဖြင့် စာရင်းပြုစုပြီး ၄-၄-၂၀၁၅ ရက်နေ့အရောက် ဤရုံးသို့ အမြန်တင်ပြရန်ဆိုပြီး ညွှန်ကြားစာ ဆက်ထုတ်ခဲ့ပါကြောင်း၊

အထက်ဖော်ပြပါ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ချက်များကြောင့် သစ်တောကျူးလယ်များတွင် ဒေသခံတောင်သူများ လုပ်ကိုင်နေသည့် ကြိုးဝိုင်းအလိုက် စာရင်းများ ပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊ ၁၅-၇-၂၀၁၅ ရက်နေ့မှာ နေပြည်တော်ကောင်စီမှ သစ်တောဦးစီးဌာနသို့ သစ်တောမြေ၌ အမှန်တကယ် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးမြေများအား  တောင်သူလယ်သမားများ တရားဝင်စိုက်ပျိုး ရရှိရန်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိရေး အလေးထားကြီးကြပ် ဆောင်ရွက်သွားရန်နှင့် သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်နိုင်ရေးအတွက် ကြိုးဝိုင်းအလိုက် ပြုစုထားသောစာရင်းအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းအရ ဆက်လက်တင်ပြ ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား ၂၁-၇-၂၀၁၅ ရက်နေ့အရောက် ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ ညွှန်ကြားချက်နှင့် ဆောင်ရွက်ချက်များကြောင့် သစ်တောကျူးလယ်များတွင် လုပ်ကိုင်နေသော တောင်သူများ တရားဝင်စိုက်ပျိုးခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ-၇) ရရှိရေးကိစ္စသည် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စာရင်းကောက်အဖွဲ့နှင့် မြို့နယ်ကြီးကြပ်မှု ကော်မတီတို့မှ ပြုစုထားသောစာရင်းစာအုပ် မိတ္တူနှစ်အုပ်ကို ပူးတွဲတင်ပြပြီး ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည် ဖြေကြားရာ ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းပါ ရန်အောင်မြေကြိုးဝိုင်းအတွင်းရှိ တောင်သူ ၁၄၆ ဦးလုပ်ကိုင်နေသည့် လယ် ၃၄၆.၁၅ ဧကအား နေပြည်တော်ကောင်စီ၏ ကြိုးဝိုင်းကျူးကျော် စာရင်းများ ဆက်လက်ကောက်ယူခွင့် ပြုသည့်အခါ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပလွေးကြိုးဝိုင်းအတွင်းရှိ တောင်သူ ၃၇၉ ဦး လုပ်ကိုင်နေသည့် လယ် ၁၄၂၀.၀၅ ဧကနှင့် ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့သော  တောင်သူ ၂၄ ဦး လုပ်ကိုင်နေသည့် လယ် ၂၂၄.၇၅ ဧကအား ပယ်ဖျက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းပါ ကျန်တောင်သူများနှင့် ၎င်းတို့လုပ်ကိုင်နေသည့် လယ်မြေများအပေါ်  ပြန်လည်ရှင်းလင်း ဖြေကြားမှု မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ် ဆောင်ရွက်ခဲ့သည့် စာရင်းကောက်အဖွဲ့နှင့် မြို့နယ်ကြီးကြပ်မှု ကော်မတီတို့မှ ပြုစုထားသောစာရင်းများအား ပြန်လည်စစ်ဆေး အတည်ပြု၍လည်းကောင်း၊ ကြိုးဝိုင်းကျူးကျော် စာရင်းများအား ဆက်လက်ကောက်ယူ ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်၍ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် အခြားတိုင်းနှင့်ပြည်နယ်ရှိ တောင်သူများနည်းတူ အခွင့်အရေး မရခဲ့သည့် ဒေသခံတောင်သူများ အမှန်တကယ် စိုက်ပျိုးထားသည့် လယ်မြေများကို တောင်သူလယ်သမားများ အမြန်တရားဝင်စိုက်ပျိုးခွင့် ရရှိရေးကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးပါရန် ၂၈-၆-၂၀၁၇ ရက်စွဲဖြင့် နေပြည်တော်ကောင်စီသို့ တင်ပြခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ မည်သည့်အကြောင်း ပြန်ကြားမှုမှ မရှိခဲ့သည့်အတွက် အောက်ဖော်ပြပါမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်မေးမြန်း အပ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် အခြားတိုင်းနှင့်ပြည်နယ်ရှိ တောင်သူများနည်းတူ အခွင့်အရေးမရခဲ့သော ဒေသခံတောင်သူများ အမှန်တကယ် စိုက်ပျိုးထားရှိသည့် လယ်မြေများကို တောင်သူလယ်သမားများ အမြန်တရားဝင် စိုက်ပျိုးခွင့်ရရှိရေးကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။