(ဆ)-ပုသိမ်-မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၀၁၅ နှင့် ၂၀၁၆ အကြား လမ်းအလိမ်အကွေ့အဆင်းမှာ အန္တရာယ်ကွေ့ဖြစ်နေသည့်အတွက် ယာဉ်များအဆင်ပြေပြေသွားလာနိုင်ရေးနှင့် အန္တရာယ်လျော့နည်း စေရေးအတွက် မည်သို့စီမံပေးမည်ကို သလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပုသိမ်-မုံရွာလမ်းမကြီးသည် ပုသိမ်မြို့မှ မုံရွာမြို့အထိ ဆက်သွယ်ထားပြီး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး လေးတိုင်းကို ဆက်သွယ်ထားခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်၏ အနောက်ဘက် ကမ်းတွင် အချက်အခြာကျသည့် လမ်းတစ်လမ်းလည်း ဖြစ်ပါကြောင်း၊
မေးခွန်းမေးမြန်းသည့် လမ်းကွေ့၏ မနီးမဝေးတွင် ရခိုင်ကားတစ်စင်း လမ်းချော်ထားခြင်း ဖြစ်ပါကြောင်း၊ ကားနှစ်စင်းမရှောင်သာသဖြင့် တစ်စင်းနှင့်တစ်စင်းတိုက်ပြီး ကုန်ကားလမ်းချော်၍ သစ်ပင်ကိုတိုက်ပြီးမှ ချောက်ထဲသို့ ကျပါကြောင်း၊ အဆိုပါလမ်းသည် လမ်းကျဉ်းခြင်း၊ အကွေ့ အကောက်/အတက် အဆင်းများခြင်းကြောင့် ယခုကဲ့သို့ ဖြစ်နေခြင်းများ ရှိပါကြောင်း၊ အဆိုပါ ကိစ္စရပ်မျိုးများ ဖြစ်သည့်အခါ အသက်အန္တရာယ်များ ဆုံးရှုံးရခြင်းကိုလည်း တွေ့မြင်ရပါကြောင်း၊ ၎င်းလမ်းကို ဇွန်လ ၂၃ ရက်နေ့က ယခုလာရောက် ဖြေကြားသည့် ဒုတိယဝန်ကြီးကိုယ်တိုင် ရောက်ရှိပြီး ဖြတ်သန်းသွားခဲ့သည့်အတွက် လမ်းအခြေအနေကို သိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကတ္တရာလမ်းကို ထပ်မံလမ်းချဲ့ပေးရန် မဖြစ်မနေလိုအပ်နေပါသဖြင့် ခရီးသွားယာဉ်များ အဆင်ပြေ ချောမွေ့ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါရန် မေးမြန်းရခြင်းဖြစ်ပါသည်။