(က)-မျက်မြင်သက်သေများကို အကာအကွယ်ပေးနိုင်သည်‌့ ဥပဒေတစ်ရပ်ရေးဆွဲပြဋ္ဌာန်းရန်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မျက်မြင်သက်သေများသည် တရားရုံးများ၏နားများ၊ မျက်စိများဖြစ်သည်ဟု ဆိုပါကြောင်း၊  မျက်မြင် သက်သေများသည် ခြိမ်းခြောက်ခံလိုက်ရရင်ဖြစ်စေ၊ မှားယွင်းသည့် သက်သေခံချက်ကို ထွက်ဆိုရန် အကြပ်ကိုင်ခံခဲ့ရရင်ဖြစ်စေ မျှတသည့်တရားစီရင်မှုကို ရနိုင်မည်မဟုတ်ဟု  တရားရုံးတော်များက အသိအမှတ်ပြုထားတာကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုမျှသာမက တရားခံက  သက်သေကို အကျဉ်း အကြပ်တွေ့အောင်ပြုခြင်း၊ လွယ်ကူအဆင်ပြေမှုမရှိအောင် ကသိကအောက် ဖြစ်အောင်လုပ်ခြင်း၊ စီးပွားရေး လုပ်ငန်းများကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းတို့ကြောင့် နောင်ဖြစ်ပေါ်လာမည့် ကိစ္စရပ်တစ်ခုခု အတွက် သက်သေကို တရားခံ၏ဒေါသမှ အကာအကွယ်ပေးသင့်ကြောင်း တချို့နိုင်ငံတွေ၏ ဥပဒေ ဆိုင်ရာအဖွဲ့အစည်းများက အကြံပြုထားတာကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ သက်သေကို အကာအကွယ်ပေးနိုင်မယ်ဆိုပါက အုပ်စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး နှင့် ဆက်နွှယ်နေသည့် ရာဇဝတ်ဂိုဏ်းများကို သိရှိနေသည့်သူများသည် နိုင်ငံတော်သက်သေများဖြစ်လာ နိုင်ပါကြောင်း၊  ထိုရာဇဝတ်ဂိုဏ်းသားတချို့သည်လည်း နိုင်ငံတော်သက်သေများ ဖြစ်လာနိုင်ပါ ကြောင်း၊ ဥပဒေ သို့မဟုတ် အစီအစဉ်သည် အားလုံးကို အထူးလွှမ်းခြုံနိုင်သည့် အစီအစဉ် သို့မဟုတ် ဥပဒေ ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာလည်း ကြီးမားစွာအထောက် အကူပြုနိုင် မည် ဟု ယူဆပါကြောင်း၊ တချို့နိုင်ငံများတွင် တရားဝင်အားဖြင့် သက်သေကာကွယ်ရေး အစီအစဉ် များ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးပါကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အာရှနိုင်ငံ အတော် များများ တွင် တွေ့နေရပါကြောင်း၊ တချို့နိုင်ငံတွေမှာ သက်သေနှင့်နစ်နာသူများ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း၊ တချို့နိုင်ငံများတွင် သက်သေလုံခြုံရေး အစီအစဉ် သို့မဟုတ် သက်သေအကာအကွယ်ပေးရေးအစီအစဉ်တွေကို တရားရုံးချုပ်များမှ  စီမံခန့်ခွဲနေ သကဲ့သို့ တချို့ နိုင်ငံများတွင် ပြည်သူ့လုံခြုံရေးဌာနတစ်ခုအတွင်း သက်သေကာကွယ်ရေး အာဏာပိုင်အဖွဲ့အနေဖြင့် ထားရှိထားသည်ကို တွေ့ရပါကြောင်း၊ တချို့နိုင်ငံများတွင် တရားရေးဝန်ကြီးဌာန၏ တရားစီရင်ပိုင်ခွင့် အောက်တွင် သက်သေကာကွယ်ရေးရုံးကို ထားရှိ ဆောင်ရွက်နေသည်ကိုလည်း လေ့လာတွေရှိရ ပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှ မိမိတို့နိုင်ငံအနေနှင့် သက်သေကာကွယ်ပေးရေး အစီအစဉ်တစ်ခုကို ပြဋ္ဌာန်းရန် သို့မဟုတ် သက်သေအကာအကွယ်ပေးရေးဥပဒေတစ်ရပ်ကို ရေးဆွဲရန် မည်သို့စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။