(ဂ)-ထားဝယ်တက္ကသိုလ်တွင် အဏ္ဏဝါဗေဒဘာသာရပ်တစ်ခု တိုးမြှင့်သင်ကြားနိုင်ရေးအစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် တက္ကသိုလ်ပေါင်းများစွာ ရှိသည့်အနက် အဏ္ဏဝါသိပ္ပံဘာသာရပ်ကို မော်လမြိုင် တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်များတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်ဟု သိရှိရပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်များ ကျောင်းသား/သူများကို အဏ္ဏဝါသိပ္ပံဘာသာရပ်၏ သင်ရိုးညွှန်းတမ်း လိုအပ်ချက် တစ်ခုဖြစ်သည့် လက်တွေ့ကွင်းဆင်း လေ့လာခြင်းကို ထားဝယ်ဒေသရှိ မောင်းမကန်ကမ်းခြေ၊ ကမ်းပနီကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ မျောပြင်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေနှင့် ကျောက်ခမောက်ကမ်းခြေများတွင် ရက်တိုရက်ရှည် ခရီးစဉ်များဖြင့် နှစ်စဉ်ကျက်မှတ်သင်ယူ နေကြရပါကြောင်း၊ တနင်္သာရီကမ်းရိုးတန်း ဒေသ၏ ထားဝယ်ဒေသရှိ ပင်လယ်ကမ်းခြေများသည် သဘာဝအတိုင်း မပျက်စီးဘဲ တည်ရှိနေသော ကမ်းခြေများဖြစ်ခြင်း၊ ရေနေဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေသဘာဝများ၊ သယံဇာတများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရန် သယံဇာတ ပေါကြွယ်ဝမှုကို မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ထို့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ပေါ်လာပါက သဘာဝသယံဇာတ များနှင့် ဇီဝမျိုးစုံမျိုးကွဲများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များစုစည်း၍ ရေရှည်ရေတိုစီမံကိန်းများချမှတ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရန် အထူးလိုအပ်လျက် ရှိပါကြောင်းကို ထားဝယ်ဒေသခံ အဏ္ဏဝါသိပ္ပံ ဘာသာရပ် ဆိုင်ရာ ပညာရှင်များက မိမိအားလာရောက်တွေ့ဆုံ ဆွေးနွေးတင်ပြလာကြပါကြောင်း၊ သို့ပါ၍ မော်လမြိုင်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်များမှာ တာဝန်ထမ်းဆောင်နေကြသော ထားဝယ်ဒေသခံ အဏ္ဏဝါသိပ္ပံပညာရှင် ကထိကနှင့် လက်ထောက်ကထိကများ၏ တင်ပြချက်များအရ ထားဝယ်တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံပညာရပ်တစ်ခု တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် ဒေသခံပညာရှင်များရှိခြင်း၊ လေ့လာသင်ယူနိုင်ရန် ဒေသအခြေခံကောင်းများတည်ရှိခြင်းနှင့် ထားဝယ်တက္ကသိုလ်သည်လည်း အထက်ပါကမ်းခြေများ ပိုင်ဆိုင်သည့် လောင်းလုံးမြစ်တွင် တည်ရှိနေ သည့်အတွက် တင်ပြပါ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းပြီး ကျောင်းသား/သူများအား ဆက်လက် သင်ယူနိုင်ခြင်း၊ ဒေသခံလူငယ်များ အဏ္ဏဝါသိပ္ပံဘာသာရပ်အား သင်ယူနိုင်ခွင့်ရရှိပြီး နောင်ဖွံ့ဖြိုး တိုးတက်လာမည့် ထားဝယ်ဒေသနှင့် နိုင်ငံတော်အတွက်ပါ အဏ္ဏဝါသိပ္ပံပညာရှင်များ မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲ နေသည်နှင့်အညီ လာမည့်ပညာသင်နှစ်များတွင် ထားဝယ်တက္ကသိုလ်၌ အဏ္ဏဝါသိပ္ပံဘာသာရပ်တစ်ခု တိုးချဲ့ဖွင့်လှစ် ပေးနိုင်ပါရန် ဒေသခံအဏ္ဏဝါ သိပ္ပံပညာရှင်များ၏ တင်ပြချက်နှင့်အတူ ပညာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံမေးမြန်းအပ်ပါသည်။