(င)-ပြည်သူများအား ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် လမ်းဘေးခွေး အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

လူကို ခွေးရူးရောဂါဖြစ်ပွားမည်ဆိုပါက သေချာပေါက်သေစေနိုင်သောရောဂါတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက အရေးကြီးရောဂါတစ်ခုအဖြစ်သတ်မှတ်ထားကြပါကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ခွေးရူးရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံတော်တော်များများက ခွေးရူးရောဂါ အန္တရာယ်ကို အလေးထား ထိန်းချုပ်ရန် ကြိုးစားလာကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခွေးအကောင်ရေ လေးသန်းခန့် ရှိကြောင်း ခန့်မှန်းဖော်ပြထားသည်ကို တွေ့ရှိရပြီး ခွေးရူးရောဂါကြောင့် နှစ်စဉ် လူ ၁၁၀၀ ခန့် သေဆုံးနေ သည်ဟု တွေ့ရှိရပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့် လူကိုခွေးရူးရောဂါဖြစ်ပွားစေပြီး ၈၀ ရာခိုင်နှုန်းခန့်သည် လမ်းဘေးခွေးများကိုက်ခံရခြင်းကြောင့် ခွေးရူးရောဂါဖြစ်ပွားစေသည်ဟု သိရှိရပါကြောင်း၊ ပိုင်ရှင်မဲ့လမ်းဘေးခွေးများကို ခွေးရူးကာကွယ်ဆေးထိုးပေးနိုင်မှသာ ခွေးရူးရောဂါဖြစ်ပွားခြင်းအန္တရာယ်ကို လျှော့ချကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တော်များများတွင် ခွေးရူးရောဂါအန္တရာယ်ကို အလေးထား ထိန်းချုပ်လာခြင်းကြောင့် လူမှာခွေးရူးရောဂါဖြစ်ပွားသေဆုံးမှုနှုန်းလည်း လျော့ကျလာသည်ဟု သိရှိရပါကြောင်း၊

ခွေးရူးရောဂါအန္တရာယ်ကို လျှော့ချကာကွယ်ခြင်းတွင် ငွေကြေးသုံးစွဲကာ စီမံချက်ချမှတ် ဆောင်ရွက်ခြင်း မပြုနိုင်သောနိုင်ငံများ၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းမပြုနိုင်သောနိုင်ငံများနှင့် ဘာသာရေး ယဉ်ကျေးမှုအရ အကန့်အသတ်ရှိသောနိုင်ငံများမှာ ခွေးရူးရောဂါဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ထိန်းချုပ်ရန် ခက်ခဲသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် အန္တရာယ်များသောနိုင်ငံများစာရင်းတွင်ပါရှိသော လူသေ ပျောက်မှု၊ သေဆုံးမှုအများဆုံးနိုင်ငံများ စာရင်းတွင် ပါရှိပါကြောင်း၊ လူဦးရေ အချိုးချနှိုင်းယှဉ်မယ်ဆိုလို့ရှိရင် နိုင်ငံသား ၁၃ ဦး လျှင် ခွေးတစ်ကောင်နှုန်းဖြစ်နေပြီး ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

နိုင်ငံအတွင်းရှိ ခွေးအားလုံးကို ကာကွယ်ဆေးထိုးဆောင်ရွက်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ ခွေးရူးရောဂါအန္တရာယ်မဖြစ်ပွားစေရေးအတွက် အဓိကကျသောလုပ်ငန်းဖြစ်ပါကြောင်း၊ ခွေးရူးရောဂါ ကာကွယ် ဆေးထိုးခြင်းကို ၇၀ ရာခိုင်နှုန်းဆောင်ရွက်နိုင်မည်ဆိုပါက ခွေးရူးရောဂါအန္တရာယ်ဖြစ်ပွား ခြင်းကိုလျှော့ချ နိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင်းရှိ လမ်းဘေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်း၊ မျိုးပွား ထိန်းချုပ်ခြင်းများကို မြန်မာနိုင်ငံတိရစ္ဆာန်ဆရာဝန်များပရဟိတအဖွဲ့က လိုက်လံ ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။ ခွေးရူးရောဂါလျော့နည်း ကျဆင်းရေးအတွက် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

 ခွေးရူးရောဂါဖြစ်ပွားမည်ဆိုပါက ၁၀၀ ရာခိုင်နှုန်းသေဆုံးနိုင်သော်လည်း ၁၀၀ ရာခိုင်နှုန်း ကာကွယ် နိုင်ကြောင်း၊ ကမ္ဘာတွင် နိုင်ငံတကာမှာ လူနှင့်ခွေးအချိုးက လူ ၁၀ ဦးကို ခွေး တစ်ကောင်နှုန်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူ ၁၃ ဦးကို ခွေးတစ်ကောင်နှုန်းဖြစ်ပါကြောင်း၊ ခွေး အများစုသည် ကာကွယ်ဆေးမထိုးရ သောခွေးများဖြစ်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းက ခွေးကိုက်ခြင်းကြောင့် လူကို ခွေးရူး ရောဂါဖြစ်ပွားစေပြီး ၈၀ ရာခိုင်နှုန်းက လမ်းဘေးခွေးကိုက်ခံရခြင်းကြောင်း ခွေးရူး ရောဂါဖြစ်ပွားရခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တွင် ၂၀၁၄ ခုနှစ်က ခွေးအကောင်ရေ ၇၀၀၀၀ ခန့် ရှိသော်လည်း ၂၀၁၅ ခုနှစ်တွင် ၁၂၀၀၀၀ ခန့် အထိဖြစ်လာပါကြောင်း၊ လူ ၅၀ဦးကို ခွေးတစ်ကောင်နှုန်းနှင့် ရန်ကုန်တွင် တည်ရှိနေပါကြောင်း၊ မြို့ပြတွင် ဆိုပါက ကာကွယ်ဆေး ၂၀ ရာခိုင်နှုန်းထိုးနိုင်သော်လည်း ကျေးလက်မှာ ငါးရာခိုင်နှုန်သာ ထိုးပေးနိုင်ပါသေး ကြောင်း၊ WHO၊ OIE တို့၏ စံသတ်မှတ်ချက်အရ ၇၀ ရာခိုင်နှုန်းထိ ခွေးရူးကာကွယ်ဆေးထိုးပေးကြရ မည်ဖြစ်ပါကြောင်း၊ ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံများတွင် အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပြီး နံပါတ်(၆)အဆင့်တွင်ရှိပါကြောင်း၊

သို့ဖြစ်ပါသောကြောင့် နိုင်ငံသူနိုင်ငံသားများ ခွေးရူးရောဂါအန္တရာယ်ကင်းရှင်းစေရန် ခွေးရူးရောဂါ အသိပညာပေးခြင်းနှင့် နိုင်ငံအတွင်းရှိခွေးများ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဝန်ကြီးဌာနက ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။