(စ)- မြန်မာရေကူးလောက တစ်ခေတ်ဆန်းစေရန်နှင့် နိုင်ငံတကာခေတ်မီ ရေကူးကစားသမားများ ပေါ်ထွက်လာစေရန် မည်ကဲ့သို့ ပြုစုပျိုးထောင်နေသနည်းနှင့် အခြေခံပညာနှင့် တက္ကသိုလ်မှကျောင်းသားများအား ပြုစုပျိုးထောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လွန်ခဲ့သောနှစ် ၅၀ ကျော်က မြန်မာ့ရေကူးအားကစားသည် ၁၉၅၉ ခုနှစ်မှစ၍ ၁၉၆၉ ခုနှစ်ထိ ရွှေရောင်ဆုတံဆိပ်နှင့်အတူ အမြင့်ဆုံးအောင်မြင်မှုတို့ကို ရရှိခဲ့သော်လည်း ၁၉၆၉ ခုနှစ်ကတည်း က အောင်မြင်မှုဆက်တိုက်ကျဆင်းလာသည်မှာ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း မည်သည့်ဆုတံဆိပ်မျှ မရရှိသည့်အနေအထားကို ထိုးကျသွားပါကြောင်း၊ ယနေ့တိုင် ဆုတံဆိပ်အနည်းငယ် ရရှိသည်ကလွဲ၍ နာလန်မထူနိုင်တော့သည့်အတွက် ရေကူးအားကစား ရှေ့ ခရီးကို စိုးရိမ်မိပါကြောင်း၊
နိုင်ငံ့ဂုဏ်ကို ဆုတံဆိပ်အများဆုံးဖြင့်ရယူနိုင်ရန် ရေကူးအားကစားသည် ပြေးခုန်ပစ်အားကစား ပြီးလျှင် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများ၌ ဆုတံဆိပ်အများဆုံး ရွှေတံဆိပ် ၄၂ ခုထိ ရရှိနိုင်သော အားကစားဖြစ်ပါကြောင်း၊ ခေတ်သစ်အိုလံပစ်များ၏အစ ၁၈၉၆ ခုနှစ်တွင် ရေကူးအားကစားပြိုင်ပွဲ များ စတင်ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေကူးအားကစားနည်းကို ၁၉၃၀ ခုနှစ်မှ စတင် လေ့ကျင့်လိုက်စားခဲ့ကြသည်မှာ ၁၉၃၄ ခုနှစ်တွင် အမျိုးသားရေကူးအသင်းကြီး ပေါ်ပေါက်ခဲ့ ပါကြောင်း၊ ၁၉၅၈ ခုနှစ်တွင် ဗန်းမော်မြို့မှ ရေကူးသမားတင်မောင်နီသည် ရေကူးသမိုင်း၏ ထူးခြားသောနှစ်အစ ဖြစ်စေခဲ့သည့်အချိန်ကစပြီး တင်မောင်နီ၊ မြသီး၊ ချစ်စိန်၊ မညွန့်ခင်၊ နန္ဒကျော်စွာ၊ မောင်ကြည်၊ မိုးသူအောင် စသည်ဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရေကူးသူရဲကောင်း များစွာ ပေါ်ထွက်ခဲ့ပါကြောင်း၊ ဦးမောင်မောင်စိန်သည်လည်း ဦးတင်မောင်နီ၏စံချိန်ကို ၁၉၈၄ ခုနှစ်တွင် ချိုးခဲ့ပါကြောင်း၊ တင်မောင်နီသည် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ရွှေကိုးခု၊ ငွေသုံးခု၊ ကြေးနှစ်ခုရရှိခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဥရောပနိုင်ငံနှင့် အမေရိကန်နိုင်ငံ ရေကူးသမားများကို အံ့အား သင့်စေခဲ့ပါကြောင်း၊ ၁၉၆၂ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် ဂျပန်နိုင်ငံရေကူးသမားကို အနိုင်ယူ ခဲ့ပြီး ရွှေနှစ်ခုယူပေးခြင်းအားဖြင့် အမြင့်ဆုံးအောင်မြင်မှုကို ရရှိခဲ့ပါကြောင်း၊
ယခု နောက်ပိုင်းကာလတွင် ရေကူးအားကစားနည်းသည် လွန်ခဲ့သောနှစ် ၅၀ ကနှင့်မတူဘဲ ကျဆင်းနေပြီး လူရွေးပွဲအဆင့်မှာတောင် နိုင်ငံတကာအဆင့်သို့ မတက်ရောက်နိုင်တော့ပါကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက နည်းစနစ်မှန်မှန်ဖြင့် ရေရှည်လေ့ကျင့်ပျိုးထောင်ရသော အားကစားနည်း ဖြစ်သည့်အတွက် ထူးချွန်အားကစားလူငယ်များရွေးချယ်ရေး Talent Test Counting က အထူး လိုအပ်ခြင်း၊ ရေတွင် အဓိကလေ့ကျင့်ရသော အားကစားဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတွင် အပြည်ပြည်ဆိုင်ရာရေကူးကန်များမရှိခြင်း၊ အဆင့်မမီခြင်း၊ ပညာရေး ဝန်ကြီးဌာနအောက်ရှိ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များ၊ တပ်မတော်(ရေ)နှင့် တပ်ရင်း တပ်ဖွဲ့များ၊ အားကစားသိပ္ပံများ၊ ရေကူးကလပ်များက စုပေါင်းဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ် နေခြင်း၊ ရေကူးအားကစားသမားကောင်းများ မွေးထုတ်ရာတွင် အားကစားသိပ္ပံများ၌ အသက် ၁၃ နှစ်ရှိပြီး အချိန်နှောင်းမှသာ စတင်လေ့ကျင့်သင်ကြားပေးခြင်းများကြောင့် အခြေခံပညာမှ ကလေး များကို ရေကူးအားကစားအဖွဲ့ချုပ်နှင့်လက်တွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းအစီအစဉ်ဖြင့် စီမံကိန်းချကာ ပြုစုပျိုးထောင်ရန် လိုအပ်နေပြီဖြစ်ပါ ကြောင်း၊ ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီလေ့ကျင့်ပေးနိုင်မည့် ရေကူးကန်ဖြစ်သော အမျိုးသား ရေကူးကန်သည်လည်း လက်ရှိတွင်အခြေအနေမကောင်းဘဲ သွေးပူလေ့ကျင့်ခန်းလုပ်ကိုင်ရန် နေရာများမရှိတော့သည့်အတွက် ကန်ပေါင်ပေါ်တွင်ပြုလုပ်နေရခြင်းနှင့် ရေကူးသမားအများစု ကလည်း ကိုယ့်စရိတ်ကိုယ်စား လေ့ကျင့်နေရသည်ဟုလည်း သိရှိရပါကြောင်း၊ ၎င်းအခက်အခဲ များကြားထဲက အောင်မြင်မှုအလားအလာရှိသော မျိုးဆက်သစ်ရေကူးသမားများ ထွက်ပေါ်လာရန် ၂၀၁၈ ထိုင်းဘုရင့်သမီးတော် ချူလာလောင်ကွန် ရေကူးပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၃၁ ခု ရယူနိုင်ပြီး အသက် ၁၂ သာရှိသေးသော အလားအလာကောင်းသော မျိုးဆက်သစ်ရေကူးမယ် တစ်ဦးဖြစ်သူ သွန်းမိုးမေသီလည်း ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများ တွင် ရွှေ၊ ငွေ၊ ကြေး ၈၅ ခု နှင့် အမျိုးသမီးအကောင်းဆုံးရေကူးသမားဆုနှစ်ဆု ရရှိခဲ့ပါကြောင်း၊ ၎င်းမျိုးဆက်သစ်များကို ဆက်လက်ပြုစုပျိုးထောင်ပေးပြီး လွန်ခဲ့သော နှစ် ၅၀ ကဲ့သို့ မြန်မာရေကူး လောကတစ်ခေတ်ဆန်းစေရန်နှင့် နိုင်ငံတကာခေတ်မီ ရေကူးကစားသမားများ ပေါ်ထွက်လာ စေရန် မည်ကဲ့သို့ပြုစုပျိုးထောင်လေ့ကျင့်နေပါသနည်းနှင့် အခြေခံပညာနှင့် တက္ကသိုလ်မှ ကျောင်းသားများအား ပြုစုပျိုးထောင်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။