(ဂ)-မြန်မာနိုင်ငံ သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများအဖြစ် JIS ကို ကိုးကား၍ မြန်မာနိုင်ငံ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့နှင့်ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းကျင့်သုံးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့မြန်မာနိုင်ငံတွင် သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါ ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံတွင် Japanese Industrial Standard (JIS)ကို ကိုးကား၍ Thai Industrial Standards Institute(TISI)ကို ၁၉၇၅ ခုနှစ်ဝန်းကျင်ကတည်းက ရေးဆွဲပြဋ္ဌာန်းကျင့်သုံးနေပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကရေးဆွဲနေသည် Myanmar National Building Code ပါ စံသတ်မှတ်ချက် များသည် ASTM ကို ကိုးကားထားကြောင်းသိရပြီး JIS ပါ စံသတ်မှတ်ချက်များမှာ ISO ကို အခြေခံထားပြီး ဂျပန်နိုင်ငံ၏ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့နှင့် ကိုက်ညီအောင် ရေးဆွဲထားသည်ဟု သိရှိရပါကြောင်း၊ ASTM ကို ကျင့်သုံးသောနိုင်ငံများမှာ အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံအနည်းငယ်သာရှိပြီး မိမိတို့ဒေသတွင်း နိုင်ငံများ၊ အာရှနိုင်ငံများနှင့် အခြားနိုင်ငံအများစုတွင် ISO နှင့် JIS ကိုအခြေခံ၍ သက်ဆိုင်ရာနိုင်ငံများ၏ ရာသီဥတု၊ သဘာဝဘေးန္တရာယ်တို့နှင့်ကိုက်ညီအောင် ရေးဆွဲကျင့်သုံးကြသည်ဟု သိရှိရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ များစွာဝင်ရောက်လျက်ရှိပြီး ထပ်မံဝင်ရောက်မည့် အလားအလာ ကောင်းများ လည်းရှိနေပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် နေသည့် သံမဏိစက်ရုံစီမံကိန်းရှိနေပြီး အဆိုပါစက်ရုံ၏ ထွက်ကုန်များအတွက် အဓိကဈေးကွက်မှာ မြန်မာ နိုင်ငံ ပြည်တွင်းနှင့် JIS မှ စံချိန်စံညွှန်းများကို ကျင့်သုံးနေသော ဒေသတွင်းနိုင်ငံများဖြစ်နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းသို့ စံချိန်စံညွှန်းမမီသော အရည်အသွေးနှင့် တန်ဖိုးနိမ့်သံနှင့်သံမဏိပစ္စည်းများ ဝင်ရောက် လာ ပါက ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ပြည်ပမှဝင်ရောက်ရင်းနှီးမြှုပ်နှံ ထုတ်လုပ်ဆောင်ရွက်နေသော သံမဏိစက်ရုံများမှ ထုတ်ကုန်များယှဉ်ပြိုင်ရောင်းချရာတွင် အခက်အခဲ ရှိမည်ဖြစ်သည့်အတွက် မှန်ကန် မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန်အတွက် သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ် ပြဋ္ဌာန်းပေးရန် လိုအပ်ပါကြောင်း၊
မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်လတ်စီမံကိန်း၏ Action Plan တွင် စံချိန်စံနှုန်းများ၊ နည်းပညာဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် အရည်အသွေးဆန်းစစ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်သည့် လက်ရှိဆောင်ရွက်နေမှုကို ပြန်လှန်သုံးသပ်ရန်နှင့် မြန်မာနိုင်ငံ၏ စံချိန်စံညွှန်းများအား ဒေသတွင်းနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရန်ဟု ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများအဖြစ် JIS ကို ကိုးကား၍ မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့နှင့် ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းကျင့်သုံးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။