(င)-မြစ်သဲကျောက် ထုတ်ယူခြင်းလုပ်ငန်းများ စည်းကမ်းဖောက်ဖျက်ခြင်းများအား မော်တော်ပိုင်၊ ကျောက်လုပ်ငန်းဥက္ကဋ္ဌ များကိုပါ အရေးယူရန် အစီအစဉ်ရှိ/မရှိနှင်‌့ လုပ်ပိုင်ခွင်‌့အလွဲသုံးစားလုပ်သော အာဏာပိုင်များအား အရေးယူရန်အစီအစဉ်ရှိ/မရှိတို့နှင်‌့ စပ်လျဉ်း သည်‌့မေးခွ

2020-12-29

မြစ်သဲကျောက် ထုတ်ယူခြင်းလုပ်ငန်းများနှင်‌့ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ခြင်းများအား အရေးယူရာတွင် မော်တော်သားများသာမက တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင်‌့ မော်တော်ပိုင်၊ ကျောက် လုပ်ငန်းဥက္ကဋ္ဌများကိုပါ စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေကြောင်းများနှင်‌့အရေးယူရန် အစီအစဉ်ရှိ/မရှိနှင်‌့ လုပ်ပိုင်ခွင်‌့အလွဲသုံးစားလုပ်သော ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်များအား အရေးယူရန် အစီအစဉ် ရှိ/မရှိတို့နှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဧရာဝတီမြစ်အတွင်းမှ မြစ်သဲကျောက်ထုတ်ယူခြင်းလုပ်ငန်းလိုင်စင်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင်‌့အညီ ထုတ်လုပ်ခွင်‌့ပေးထားသည်ဟု သိရှိရပါကြောင်း၊ သို့သော် လုပ်ငန်းရှင်အချို့၏ စည်းကမ်းဖောက်ဖျက်မှုများနှင့် သက်ဆိုင်ရာဌာနအဆင်‌့ဆင၏ ကြီးကြပ်မှုအားနည်းခြင်းတို့ကြောင်‌့ ဧရာဝတီမြစ်၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ အထူး သဖြင်‌့ မြစ်ကမ်းပါးပြိုခြင်းကိစ္စများ ဖြစ်ပွားရပါကြောင်း၊ မြစ်ကမ်းပါးပြိုခြင်းဟာ ကျောက်စုပ်ခြင်း တစ်ခုတည်းကြောင်‌့မဟုတ်သော်လည်း စည်းကမ်းမဲ့ကျောက်စုပ်ခြင်းသည် ကမ်းပြိုရသည့် အကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကြံခင်းမြို့နယ်အနေဖြင့် ကမ်းပြိုမှုများကြောင်‌့ လုပ်ကွက်ချမပေးသော်လည်း ပြည်ခရိုင်မှ လုပ်ကွက်များ ချပေးခြင်းအတွက် ကြောင်‌့ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၏ အိမ်ခြေ ၁၅၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရပြီး ကိုင်းမြေဧကများစွာ ဆုံးရှုံးခဲ့ရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဆင်‌့ဆင့်ကို တိုင်ကြားခဲ့သည့် အတွက် စည်းကမ်းမဲ့ကျောက်စုပ်မှုများ  တစ်နှစ်ခန့်ရပ်နားသွားခဲ့ပါကြောင်း၊ ယခုအခါ ပဲခူး တိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်မှ ကျောက်စုပ်မော်တော်များသည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအကြောင်းပြပြီး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေသည့်အတွက် ပြည်ခရိုင်၊ မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို စုံစမ်းကြည့်ရာတွင် သတ်မှတ် ကျောက်ကွက်များ မဟုတ်ကြောင်းကို သိရှိရပါကြောင်း၊     ကမ်းပြိုသွားသည့် ရေလယ်ကျွန်း ကျေးရွာတွင် ဟင်္သာတခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင်‌့ ပူးပေါင်းပြီး ထောက်ပံ့ငွေနှင့် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ထပ်မံ၍ အိမ်ခြေ ၄၅  အိမ် စုစုပေါင်း အိမ်ပေါင်း ၁၉၅ အိမ် တစ်အိမ်ထောင်ကို ပြောင်းရွှေ့စရိတ် တစ်သိန်းနှုန်း ဆန်ဖိုး တစ်ပတ်စာနှင့် ပစ္စည်း ၁၂ မျိုးပါသည့်  ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊

ကြံခင်းမြို့၏ ကျောက်စီရေထိန်းနံရံ ပေ ၃၀၀ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၂၅၀၀ ကုန်ကျခံ တည်ဆောက်ခဲ့ပြီးပြီး တစ်မြို့လုံးအတွက် ကျောက်စီရေထိန်းနံရံ ၃ ခုလိုပါကြောင်း၊ ကျင်း ၁၀၀၀၀ ထုတ်ရန် ကျောက်ကွက် တစ်ကွက်ကို ဂရန်ပေးမည်ဆိုပါက တစ်ကျင်းကို ၂၅၀၀ နှုန်းနှင့် သိန်း ၂၅၀ သာ ရရှိနိုင်မည်ဖြစ်သည့်အတွက် နှိုင်းယှဉ်သိရှိနိုင်ရန် တင်ပြခြင်း ဖြစ်ပါကြောင်း၊

အခွန်အခရရှိရေးတစ်ခုတည်းကို ဦးတည်ပြီး ကျောက်စုပ်လုပ်ငန်းတွေကို ခွင့်ပြုမည်ဆိုပါက ကမ်းပြိုခြင်းကြောင်‌့ ဒေသခံပြည်သူများ၏ နစ်နာဆုံးရှုံးမှု၊ နိုင်ငံတော်မှနစ်နာဆုံးရှုံးမှုများအတွက် ထောက်ပံ့ ပေးအပ်မှုများကိုလည်း ထည်‌့သွင်းစဉ်းစားသင်‌့ပါကြောင်း၊ အထက်ပါအချက်များကြောင့် သက်ဆိုင်ရာဝန်ကြီး ဌာနအား အောက်ဖော်ပြပါမေးခွန်းများအား မေးမြန်းလိုပါကြောင်း၊ (၁)သတ်မှတ် ကျောက်ကွက်နေရာတွင် သတ်မှတ်စည်းကမ်းချက်များနှင်‌့အညီ လုပ်ငန်း ဆောင်ရွက်မှုရှိ/မရှိ၊ (၂) သတ်မှတ်အလုပ်ချိန် ဥပမာ- မနက်ခြောက်နာရီမှ ညနေခြောက် နာရီနှင်‌့အညီ ဆောင်ရွက်ခြင်းရှိ/မရှိ၊ (၃) သတ်မှတ်သည်‌့ပမာဏအတိုင်း ထုတ်ယူခြင်းရှိ/မရှိ၊ (၄) စည်းကမ်းဖောက်ဖျက်မှုများအား အရေးယူရာတွင် မော်တော်သားများကိုသာမက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင်‌့ မော်တော်ပိုင်များ၊ ကျောက်လုပ်ငန်းဥက္ကဋ္ဌများကိုပါ စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေနည်းလမ်းများနှင်‌့အရေးယူရန် အစီအစဉ်ရှိ/မရှိ၊ (၅) လုပ်ပိုင်ခွင်‌့ကို အလွဲသုံးစားလုပ်၍ ခွင်‌့ပြုသော ဒေသန္တရာအုပ်ချုပ်ရေးအာဏာပိုင်များအား အရေးယူရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။