ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦး အနက် (၄၀၇)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့တွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ အဖွဲ့ခေါင်းဆောင်၏အမည်စာရင်းကိုလည်းကောင်း၊ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ရယူပြီး လွှတ်တော် ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ်က မေးမြန်းသော မျက်မြင်သက်သေများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းက သီးခြားရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ်မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးထွန်းမြင့်၊ ဗဟန်းမဲဆန္ဒနယ်က မေးမြန်းသော ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းသွယ် (၁)ရှိ စက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း (SITE) အား အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးအောင်စိုး၊ သရက်ချောင်းမဲဆန္ဒနယ်က မေးမြန်းသော ထားဝယ်တက္ကသိုလ်တွင် အဏ္ဏဝါဗေဒဘာသာရပ်တစ်ခု တိုးမြှင့်သင်ကြားနိုင်ရေး အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သင်ယူမည့်ကျောင်းသားဦးရေ နည်းပါးနေသည့်အတွက် ဖွင့်လှစ်သင်ကြားရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးစိုးစံသက်ထွန်း၊ မြင်းမူမဲဆန္ဒနယ်က မေးမြန်းသော သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တိုင်းရင်းဆေးအမည်ခံသင်တန်းကျောင်းများ၊ တက္ကသိုလ်များ အဖြစ် ဖွင့်လှစ်သင်ကြားပေးနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထား သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာ့တိုင်းရင်းဆေးကောင်စီဥပဒေ အခန်း(၁၇) ပုဒ်မ ၅၆၊ ပုဒ်မ ၆၁ တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးမင်းသိန်း၊ ရေဦးမဲဆန္ဒနယ်က မေးမြန်းသော ပြည်သူများအား ခွေးရူး ရောဂါအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် လမ်းဘေးခွေးအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အသိပညာ ပေးခြင်းအတွက် ဝန်ကြီးဌာနက ချမှတ်သော မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုး နှံခြင်းကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ (အဆိုပါမေးခွန်းကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်မေးခွန်းဟု လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက်များကို နိုင်ငံတော် ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြပါမည်)
(၆) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော လွန်ခဲ့သော နှစ် ၅၀ ကဲ့သို့ မြန်မာရေကူးလောက တစ်ခေတ်ဆန်းစေရန်နှင့် နိုင်ငံတကာခေတ်မီ ရေကူး ကစားသမားများ ပေါ်ထွက်လာစေရန် မည်ကဲ့သို့ ပြုစုပျိုးထောင်လေ့ကျင့်နေပါ သနည်းနှင့် အခြေခံပညာနှင့် တက္ကသိုလ်မှ ကျောင်းသားများအား ပြုစုပျိုးထောင် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်ပနည်းပြများ ငှားရမ်းထားရှိပြီး ရေကူးကန်များ တိုးချဲ့ဆောက်လုပ်ခြင်းတို့ကို ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ သုံးသပ်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၇) ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်က မေးမြန်းသော ဖလမ်းမြို့ ခုတင် (၂၀၀)ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်ရန်နှင့် ၎င်းနှင့် ပတ်သက်သော အထူးကုဆရာဝန် (ဆေးပညာ)ခန့်ထားရန်၊ အထွေထွေရောဂါကု ဆရာဝန်သမားတော်နှင့် လက်ထောက်ဆရာဝန် ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လိုအပ်သောအထူးကုဆရာဝန်နှင့် လက်ထောက် ဆရာဝန် (၁၀)ဦးတို့အား တာဝန်ချထားပေးပြီးဖြစ်ကြောင်းနှင့် စက်တင်ဘာလ အကုန်တွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်ပြီးစီးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
( ဂ ) အဆို(၁)ခုတင်သွင်းခြင်း
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့်မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က တင်သွင်းပြီး ဦးမြင့်ကြည်၊ ကသာ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၂-၇-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အမျိုးသားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်း ကိုတင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်း သည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၃-၇-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၂၃-၇-၂၀၁၉ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။