(ဂ)-ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင် သင်္ဘောများ ဆိုက်ကပ်ပို့ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ရမ်းဗြဲမြို့နယ်မှ စစ်တွေမြို့နှင့် တောင်ကုတ်မြို့သို့ ရေကြောင်းခရီးဖြင်‌့ စရိတ်သက်သာစွာ သွားလာ ဆက်သွယ်နိုင်ရေးအတွက် ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင်သင်္ဘောများ ဆိုက်ကပ်ပို့ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရမ်းဗြဲမြို့နယ်ဒေသသည် ရခိုင်ပြည်နယ်၏ အလယ်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ကျေးရွာပေါင်း ၂၀၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်းနီးပါးနေထိုင်သည့်မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ဆက်သွယ်သွားလာရေး အနေဖြင့် ကုန်းလမ်းခရီး နှင့် ရေလမ်းခရီး နှစ်မျိုးစလုံးကိုအသုံးပြုနေရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ကုန်းလမ်းခရီးအနေဖြင့် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမကြီးမှတစ်ဆင့် တောင်ကုတ်မြို့နှင့်ရန်ကုန်မြို့ တို့သို့ မော်တော်ကားဖြင့် ဆက်သွယ်သွားလာရေးလွယ်ကူသော်လည်း ရမ်းဗြဲမြို့မှ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ဌာနဆိုင်ရာများအနေဖြင်‌့သော်လည်းကောင်း၊ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာကိစ္စများ အနေ ဖြင့်သော်လည်းကောင်း ဆက်သွယ်သွားလာရာတွင် များစွာအခက်အခဲကြုံတွေ့ကြရပြီး အချိန်ကုန်၊ ငွေကုန် ၊ လူပန်းကာ အဆင်မပြေမှုများ ကြုံတွေ့နေရပါကြောင်း၊ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းတွင် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင‌်ရေးပိုင် သင်္ဘောများ မဆိုက်ကပ်သဖြင့် ပုဂ္ဂလိကအမြန်ရေယာဉ်များရှိသော နေရာများ၌ မတန်တဆစရိတ်စက အကုန်အကျခံကာ သွားလာနေကြရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေကြရပါကြောင်း၊ သာမန်လုပ်သား ပြည်သူများမှာ စရိတ်ကြီးမြင့်သော ပုဂ္ဂိလက အမြန်ရေယာဉ် ဖြင့် စီးနင်းသွားလာရန်မတတ်နိုင်၍ များစွာ အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ယခင်က ရခိုင်ပြည်နယ် ဌာနခွဲ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင် အောင်တံခွန်သင်္ဘောများပြေးဆွဲခဲ့စဉ်က ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်နှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့မှ တောင်ကုတ်မြို့၊ စစ်တွေမြို့သို့ စရိတ်သက်သာ စွာဖြင့် ဆက်သွယ်သွားလာနိုင်ခဲ့ကြသဖြင့် အဆင်ပြေကောင်းမွန်မှုများရှိကြပါကြောင်း၊ ရမ်းဗြဲမြို့နယ် ဒေသနေ ပြည်သူလူထုအနေဖြင့် ရေကြောင်းဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေစေရန် ရမ်းဗြဲ မြို့ ဒေါရထဆိပ်ကမ်နှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့ကို နိုင်ငံတော်မှ ဘဏ္ဍာငွေ သိန်းပေါင်းများစွာ အကုန်အကျခံကာ ဆိပ်ကမ်းတံတားများကိုလည်း တည်ဆောက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ များ  ရေကြောင်းခရီးဆက်သွယ်သွားလာရေးလွယ်ကူ အဆင်ပြေစေရန် ဂျပန်နိုင်ငံအစိုးရမှ ကမ်းရိုးတန်း သွား သင်္ဘောသုံးစီးကို ပံ့ပိုးကူညီပေးထားပြီး ဆက်သွယ်သွားလာပို့ဆောင် ပေးလျက်ရှိနေပါကြောင်း၊ ရမ်းဗြဲမြို့နယ်ဒေသနေ ပြည်သူများမှာ သင်္ဘောကြီးများကို မြင်တွေ့နေရပါလျက် မြင်သာမြင်ရမကြင်ရ ဆိုသလို လက်တွေ့ကြုံတွေ့ ခံစားနေကြရပါကြောင်း၊ နိုင်ငံတော်မှ စရိတ်စကများအကုန်အကျခံ တည်ဆောက်ထားသော ဆိပ်ခံတံတားကြီးများမှာလည်း အချည်းနှီးဖြစ်နေကြရပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့သို့ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ပိုင် ကစ္ဆပနဒ အမြန်သင်္ဘောများ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်ဆိုက်ကပ်ပေးခြင်းဖြင့် ကုန်ပစ္စည်း များကို စရိတ်စက သက်သာစွာဖြင့် ပို့ဆောင်ပေးနိုင်ပြီး ခရီးသွားပြည်သူများလည်း စရိတ်သက်သာစွာ လျှင်မြန်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ဘဏ္ဍာငွေများစွာ ကျခံတည်ဆောက်ထားသော ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင် သင်္ဘောများ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ဆိုက်ကပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်အချိန်တွင်စတင်ဆိုက်ကပ်ပေးသွားမည်၊ အစီစဉ်မရှိပါက မည်သည်‌့အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။