(ဃ)-ဖြူးမြို့နယ်ရှိ နွေစပါးစိုက်တောင်သူ လယ်သမားများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန်နှင်‌့ ဆည်ရေသောက်စီမံကိန်းကို လာမည့်နှစ်တွင် ဘတ်ဂျက်တိုးမြှင်‌့ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ဖြူးမြို့နယ်ဘက်စုံရေလှောင်တမံစီမံကိန်းကို ၂၀၀၀-၀၁ ခုနှစ်မှစတင်တည်ဆောက်ခဲ့ရာ ရေ လှောင်တမံကို ၂၀၁၂ ခုနှစ်တွင်ပြီးစီးပြီး ရေလွှဲဆည်ကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ၎င်းနှင့် တစ်ဆက်တည်း လျှပ်စစ်ဓာတ်အားပေးစက် မဂ္ဂါဝပ် ၂၀ လုံး နှစ်လုံးကိုလည်း ၂၀၁၄ ခုနှစ်တွင် ပြီးစီးပြီး လျှပ်စစ်ကို ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်ပါကြောင်း၊ အဆိုပါဆည်ရေသောက် စီမံကိန်းသည် စီမံချက်ထဲတွင် ဖြူးမြို့နယ်တစ်နယ်လုံးအတွက် ဧကပေါင်း ၉၀၀၀၀ ကျော် ရေပေးဝေမှုစီမံချက်ထဲတွင် ရေးဆွဲပြီးသားဖြစ်သော်လည်း ၂၀၁၈ ခုနှစ်အထိ ရေပေးဝေနိုင်မှုသည် ဆည်ရေသောက်ဧရိယာ၏ ၅.၃ ရာခိုင်နှုန်သာ ရှိသေးသည့်အတွက် ဆည်ရေသောက်ဧရိယာသည် ဧကပေါင်း ၄၈၀၀ သာ ပေးနိုင်ခဲ့ပါကြောင်း၊

ဖြူးမြို့နယ်တွင် တစ်သီးစားစိုက်ဧကပေါင်း ၃၅၀၀၀ ကျော်ရှိပါကြောင်း၊ အဆိုပါ ၃၅၀၀၀ ကျော်ရှိသော တစ်သီးစားနှင်‌့ စိုက်နေရသော လယ်သမားအများစုက ကျေးရွာအုပ်စုများ ဖြစ်ကြသည့် လိပ်ပေါ၊ ပေါစလုတ်၊ ကြီးရိုး၊ ကျော်လှကြီး၊ မန်းလောင်၊ လယ်ပြင်ကြီး၊ လှသင်းမောင်၊ ကညှင်နိုင်၊ မိတ်သလင်၊ သစ်ပိုက်၊ အင်းမင်းသား၊ ငှက်မြစ်ချင်း၊ ဘုရားလာ၊ သပြေလဟာ နှင်‌့ သရက်ကုန်း ၁၅ အုပ်စုမှ လယ်သမားအချို့သည် တစ်သီးစားများဖြစ်သည့်အတွက် ၎င်းတို့သည် အဆိုပါလယ်ယာမြေကို နှစ်သီးစားစိုက်နိုင်အောင် နွေစပါးကိုအားကိုးနေကြသည့်အတွက် မိမိတို့ နယ်တွင် တာဝန်ရှိပုဂ္ဂိုလ်များသည် ၎င်းကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားသည်မှာ မိမိတို့မြို့နယ်တွင် ချောင်း၊ မြောင်းများရှိပါကြောင်း၊ သက်ဆိုင်ရာ အတတ်ပညာရှင် အင်ဂျင်နီယာ များနှင့်တိုင်ပင်၊ မြို့နယ်က တာဝန်ရှိပုဂ္ဂိုလ်တို့နှင်‌့ တိုင်ပင်ပြီး နွေစပါးစိုက်၍ရသော ချောင်း၊ မြောင်းများ ဇဟားချောင်း၊ သစ်ပိုက်ချောင်း၊ ငါးနုစမ်းချောင်း၊ ကွင်းချောင်း၊ ငါခူးညောင်ရိုးချောင်း စသည့် ချောင်း၊ မြောင်းများပေါ်တမံပိတ်ခြင်းဖြင့် ရေပေးလိုက်ပါက နွေစပါးစိုက်၍ရသည်ဟု စဉ်းစားပြီး ၂၀၁၆-၁၇ တွင် မိမိတို့စတင်ပြီး စမ်းသပ်စိုက်လိုက်ရာတွင် ဧက ၅၀၀ ခန့်က ဖြစ်ထွန်း အောင်မြင်သွားပြီးသည့်အခါ ဘေးကအခြားအုပ်စုက လယ်သမားများကသိကြသည့်အခါ နောက် နှစ်တွင် ဒီထက်ဒီစိုက်ကြမည်ဆိုပြီး ထပ်မံပြီး ၂၀၁၇-၁၈ တွင် ဧကပေါင်း ၅၀၀၀ ခန့် တိုးပြီးစိုက်ပျိုးလာနိုင်ပါကြောင်း၊ အတက်ပညာရှင်များ၊ သက်ဆိုင်ရာစီမံကိန်းဝင် တာဝန်ရှိသော ပုဂ္ဂိုလ်များအားလုံးစုပေါင်းပြီး စဉ်းစားပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊

၂၀၁၇-၁၈ တွင် ၅၀၀၀ စိုက်လာပြီး ယခု ၂၀၁၈-၁၉ တွင် ကျေးရွာအုပ်စုများက အကုန်လုံး နွေစပါးစိုက်ဧကများကို ထပ်ပြီးတောင်းလိုက်သည့်အခါ များစွာတက်လာသည့်အတွက် ထပ်မံ ပေးနိုင်အောင် အထက်ကတင်ထားသော  ချောင်း၊ မြောင်း၊ ရိုးများမှ ရေများကိုလွှတ်ပေးပါက ရနိုင်မည်လားဆိုပြီး အားလုံးတွက်ချက်ပြီး လုပ်လိုက်သည့်အခါ ၂၀၁၈-၁၉ တွင် ဧကပေါင်း ၁၂၈၀၀ နွေစပါးကို စိုက်လာနိုင်သည့်အတွက် နွေစပါးစိုက်သည့်လယ်သမားများကလည်း ပျော်ရွှင်ပြီး နှစ်ပေါင်း ၇၀ နီးပါး တစ်သက်လုံး နှစ်သီးစားမရသည်မှာ ယခုနှစ်မှရသည်ဆိုပြီး ဝမ်းသာပါကြောင်း၊ ၎င်းတို့က ရေ၏အဓိကအသုံးဝင်မှုများလည်း တကယ်သဘောပေါက်သွားပြီး ၎င်းတို့အစည်းအဝေးတစ်ရပ်ခေါ်ပါကြောင်း၊ ရာသီဥတု၏ ဖောက်ပြန်မှုများကိုလည်း ၎င်းတို့မိုးစပါး ကိုလည်း အားကိုးရသည်မှာ အခက်အခဲအမျိုးမျိုးရှိသည့်အတွက် နွေစပါးကို အလွန်စိုက်လိုလာ ကြသည့်အတွက် လယ်သမားများ၏ဆန္ဒအရ ငါးရက် လေးလတွင် အစည်းအဝေးခေါ်ပြီး လုပ်လိုက်သည့်အခါ လယ်သမားများက နွေစပါးစိုက်ရန်တောင်းဆိုလာပါကြောင်း၊ နွေစပါးစိုက် သော ကုန်ကျစရိတ်က တစ်ဧကလျှင် ၂၀၀၀ ရှိရကြောင်း၊ တမံများပိတ်ရကြောင်း၊ အဆင်‌့ဆင်‌့ ပိတ်ရကြောင်း၊ အားလုံးအတတ်ပညာရှင်များနှင့် အားလုံးစုပေါင်းပြီး ဖြေရှင်းလိုက်သည့်အခါ ယခုနှစ် ၁၂၈၀၀ ရပါကြောင်း၊ ထို့ကြောင့် နွေစပါးသည် လယ်သမားများ၏ အသက် ဖြစ်နေသည့်အတွက် မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနက နွေစပါးကို ယခုနှစ်လာမည့်နှစ်တွင် ပိုတိုး ပြီး ဘတ်ဂျက်ကို ဒီထက်မကတိုးပေးပါရန် တိုးတောင်းခြင်းဖြစ်သည့်အတွက်တိုးပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။