(စ)-ကနီမြို့နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နေရာ လမ်းကြောင်းများ သတ်မှတ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ကနီမြို့နယ် တွင် တရားဝင်စာရင်းများအရ လယ်ယာမြေဧကစုစုပေါင်း ၁၇၅၀၀၀ ကျော်ရှိပြီး အပူပိုင်း မိုးနည်း ဒေသဖြစ်သည့်အတွက်  စိုက်ပျိုးရေးအတွက် မိုးရေကိုသာ အားထားနေရပါကြောင်း၊ လယ်မြေ ယာမြေများသည် မိုးရေကိုသာ မှီခိုနေရသည့်အတွက်  နှစ်စဉ်ပျက်စီးဆုံးရှုံးမှုများစွာ ရှိနေပါကြောင်း၊ ယခု မိုးရာသီအချိန်တွင် တချို့ဒေသများမိုးများပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေသော်လည်း  ကနီတောင်သူ အများစုမှ မိုးခေါင်သည့်အတွက်  မျိုးတောင်ပြန်မရနိုင်သည့်အခြေအနေများဖြစ်ပေါ်နေပါကြောင်း၊ ကနီမြို့နယ်၏ ပထဝီအနေအထားအရ ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့ ၅၇ မိုင်ခန့် ဖြတ်သန်း စီးဆင်းလျက်ရှိပြီး မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက် ပေးမည်ဆိုပါက စိုက်ပျိုးရေရရှိရေးအတွက် အခွင့်အလမ်းနှင့် အလားအလာကောင်းများစွာရှိနေပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့သည့် အတွက် သက်ဆိုင်ရာဌာန၊ ပုဂ္ဂိုလ်များမှ ကိုယ်စားလှယ်နှင့်ဆွေးနွေးပြီး ဝါးရာ၊ နတ်ကြီး၊ ချိုင်တင်ပေါက်၊ နွားလဗို့ စသည့်နေရာများတွင်  ကွင်းဆင်းလေ့လာမှုများပြုလုပ်ပြီး ဒေသခံအချို့နှင့်လည်း ဆွေးနွေးမှုများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြစ်ရေတင်ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ထံသို့ မိမိ အနေဖြင့် ထပ်မံပြီး တင်ပြမေးမြန်းခဲ့မှုအပေါ် ပြန်လည်ပြီး ဖြေကြားရာတွင်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် တွင် ရန်ပုံငွေလျာထားတင်ပြခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ကိုပြန်ကြားခဲ့ပါကြောင်း၊ နောက်တစ်ချက်မှ သက်ဆိုင်ရာဌာနက ကွင်းဆင်းလေ့လာ ထားသည့် နေရာများအနက် နတ်ကြီးဘက်ကို ပထမဦးဆုံးဆောင်ရွက်နိုင်ရန် လျာထားကြောင်းကိုလည်း သိရပါကြောင်း၊ ရွာသာ၊ နတ်ကြီး တစ်ဝိုက်ကပဲ မြစ်ရေတင်ဆောင်ရွက်ပါက အကျိုးပြုဧရိယာ နည်းမည် ဖြစ်ကြောင်း၊  ဝါးရာ အထက်နားတစ်ဝိုက်ကနေ မြစ်ရေတင်ကိုဆောင်ရွက်ပေးမည်ဆိုပါက ပထဝီအနေ အထားအရ နတ်ကြီးဘက်ထိစိုက်ပျိုးရောက်ရှိမည်ဖြစ်သလို အကျိုးပြုဧရိယာလည်း များစွာဖြစ်ပေါ် လာမှာဖြစ်သည့် အတွက် မြစ်ရေတင်ကိစ္စအားဆောင်ရွက်မည်ဆိုပါက အကျိုးပြုဧရိယာများနိုင်သော နေရာတွင် ဆောင်ရွက်ပေးရန် အကြံပြုလိုပါကြောင်း၊ စိုက်ပျိုးရေဖူလုံစွာရရှိရေးသည် အလွန်အရေးကြီးပါ ကြောင်း၊ ယခုခေတ်တွင် လယ်မြေ ယာမြေများသည် မိုးကိုမျှော်ပြီးလုပ်ကိုင်နေရလျှင် ဆုံးရှုံးနိုင်ခြေ အင်မတန် များပါကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေရရှိရေးအတွက် မိမိတို့ အနေဖြင့် အတတ် နိုင်ဆုံးကြိုးစားပေးရမည်ဖြစ်သလို စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းသည် လယ်ယာမြေများအတွက် မြေဆီ၊ မြေလွှာကောင်းများ ဖြစ်ပေါ်လာမည်ဖြစ် သည့် အတွက် ကနီမြို့နယ်၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်နိုင် မည့်နေရာ၊ လမ်းကြောင်းများသတ်မှတ်၍ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။