(ဆ)-လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပြုလုပ်ရာတွင် ပုဂ္ဂိုလ်/အဖွဲ့အစည်းအမည် ပြောင်းလဲရန် ခက်ခဲနေခြင်း ကိစ္စအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လယ်ယာမြေ ဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က စတင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေပုဒ်မ အခန်း(၃) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ၏ အခွင့်အရေး ပုဒ်မ ၉ ပုဒ်မခွဲ(ခ)တွင် လယ်ယာမြေအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ပြုထားပါကြောင်း၊ ထို့အပြင် အခန်း (၄) လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမယ့်စည်းကမ်းများ ပုဒ်မ ၁၂ ပုဒ်မခွဲ(ဂ)တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခ တို့ကို ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊
လက်တွေ့တွင် ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းများကြောင့် ရရှိလာသည့် လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)အား လက်ဝယ်ရရှိသူသည် စာချုပ်စာတမ်းများမှတ်ပုံတင်အရ၊ မှတ်ပုံတင် ဥပဒေအရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် တရားဝင် မှတ်ပုံတင်မှသာ အမည်ပြောင်းလဲပြီး အခြားနည်းသုံးစွဲခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် တရားဝင်စာချုပ် စာတမ်း မှတ်ပုံတင်ရန် ဆောင်ရွက်ရာတွင် ရောင်းချခြင်း၊ ပေးကမ်းခြင်းကြောင့် လယ်ယာမြေအား ကျသင့် တံဆိပ်ခေါင်းခွန်နှင့် ကျသင့် ဝင်ငွေခွန်ပေးဆောင်ရန် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ လယ်ယာ မြေအား တန်ဖိုးသတ်မှတ်ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ယင်းအဖွဲ့အစည်းမှ ဒေသအလိုက်လယ်ယာ မြေများအား ကာလတန်ဖိုး သတ်မှတ်ထားခြင်းမရှိသည့်အတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရန် ခက်ခဲသလို (ပုံစံ-၇)အမည် ပြောင်းလဲရန် ဆောင်ရွက်၍မရဘဲ သာမန်အရပ်စာချုပ်ဖြင့်သာ ရောင်းဝယ်ခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းများပြုလုပ်နေရသဖြင့် လယ်ယာမြေဥပဒေအရ ပေးထားသည့် အခွင့်အရေးများ မရရှိဘဲဖြစ်နေပါကြောင်း၊ အထူးသဖြင့် လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ပြုသည့်အခါ အရပ်စာချုပ်ဖြင့်သာ တင်ပြလျှောက်ထားနေရသဖြင့် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် နောင်တွင်လည်း (ပုံစံ-၇) မူရင်းပါအမည်ဖြင့် လက်ဝယ်အသုံးပြုသူအမည်ကို ပိုင်ဆိုင်မှု၊ အငြင်းပွားမှုများ ဖြစ်လာနိုင်စရာ ရှိသည့်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)အား အမည်ပြောင်းလဲရန် ခက်ခဲနေခြင်း ကိစ္စအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။