(ဃ)-မိုင်းလားမြို့နယ်၊ ဝမ်နောင်လေးကျေးရွာန၊ ဝမ်လောက်ဖျားကျေးရွာနှင်‌့ အနီးအနားရှိ ကျေးရွာများကို မိုင်းခတ် မြို့နယ်အတွင်း ပြန်လည်ထည့်သွင်းဖွဲ့စည်းပေးနိုင်ရန်နှင်‌့ အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း

2020-12-29

 

မိုင်းလားမြို့နယ်၊ ဝမ်နောင်လုံအုပ်စုအတွင်းရှိ ဝမ်နောင်လေးကျေးရွာန၊ ဝမ်လောက်ဖျားကျေးရွာနှင်‌့ အနီးအနားရှိ ကျေးရွာများကို မိုင်းခတ်မြို့နယ်အတွင်း ပြန်လည်ထည့်သွင်းဖွဲ့စည်းပေးနိုင်ရန်နှင်‌့ ၎င်းကျေးရွာသူ၊ ကျေးရွာသားများ အတွက် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ကျိုင်းတုံမြို့နယ်နှင့် မိုင်းခတ်မြို့သည် မိုင် ၅၀ ကျော်ခန့်ဝေးကွာပြီး ၎င်းမြို့နှစ်မြို့ကြား ကားလမ်းမ တစ်လျှောက်ရှိ ၂၃ မိုင်ရွာမှ ၂၈ ရွာအထိ ကြားတွင်ရှိသော ကျေးရွာ များသည် မိုင်းလားအထူးဒေသ-၄ မြို့နယ် နယ်နိမိတ်အတွင်း ပါဝင်ပါကြောင်း၊ ၎င်းကျေးရွာများမှ လားခူ၊ အခါ၊ ပလောင် တိုင်းရင်းသားများ သည် နိုင်ငံသား တိုင်းရင်းသားစစ်စစ်များဖြစ်ကြသော်လည်း အိမ်ထောင်စုစာရင်းပြုလုပ်ရန်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ်ရန် မည်သည်‌့မြို့နယ်သို့ ထောင်ခံချက်ယူရမည်ကို မသိဖြစ်နေသည့်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိကြပါကြောင်း၊ ထို့ကြောင့် ပထမအကြိမ် ပြည်သူ့လွှတ်တော်ကာလ အတွင်း မိမိမှ လွှတ်တော်သို့ မေးမြန်းခဲ့ရာ ကျိုင်းတုံခရိုင် လဝကမှ တာဝန်ယူပြုလုပ်ပေးသဖြင့် ၎င်း ရွာများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူနှင်‌့ အိမ်ထောင်စုစာရင်းမရှိသူ တော်တော်များများ ရရှိသွားကြသည့်အတွက် ဝမ်းသာခဲ့ကြပါကြောင်း၊ ယခုတဖန် ကျိုင်းတုံ-မိုင်းခတ်နှင့် မိုင်းလတ်မြို့တို့ အကြားတွင် တည်ရှိသည့် အထူး ဒေသ-၄ မိုင်းလမ်းမြို့နယ် နယ်နိမိတ်အတွင်း ကျရောက်သည့် ဝါနန်လေးရွာနှင့် ဝါလောက်ဖျား ရွာများမှ အချို့ရွာသူရွာသားများဟာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသည့်အတွက် ကျိုင်းတုံနှင်‌့ မိုင်းခတ်မြို့များသို့ သွားလာ၍မရပါကြောင်း၊  မြို့အဝင်ဂိတ်များတွင် အနှောင့်အယှက်ပေးခံရခြင်း၊ နိုင်ငံသား တိုင်းရင်းသား စစ်စစ်ဖြစ်ပါလျက် သံသယထားခံရပြီး မရိုးမသား ပြု၍ ဖြတ်သန်းနေရခြင်း အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မရှိ၍ ထောက်ခံချက်ရယူရန် မိုင်းလားမြို့ အာဏာပိုင်အဖွဲ့ထံ ချဉ်းကပ်အကူအညီ တောင်းသော်လည်း မိမိတို့ရွာများသည် မိုင်းလားမြို့ နယ်နိမိတ်အတွင်းမရှိကြောင်း၊ မပေးနိုင်ကြောင်း ငြင်းပယ်ခံရပြီး မိုင်းခတ်မြို့တွင် သာတောင်းရန် ညွှန်ကြားသဖြင့် အတိဒုက္ခရောက်နေကြပါကြောင်း၊ အထူးဒေသ-၄ မိုင်းလားအနေဖြင့် ၎င်းရွာများအတွက် မည်သို့မျှ တာဝန်ယူဆောင်ရွက်ပေးမှု မရှိသည့်အတွက် လမ်းပန်း ဆက်သွယ်‌ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အဖက်ဖက်တွင် အလွန်နိမ့်ကျ လျက်ရှိပါကြောင်း၊  နိုင်ငံသားတိုင်းရင်းသားစစ်စစ်များ ဖြစ်သော်လည်း နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့် အရေး လုံးဝဆုံးရှုံးနေရပါကြောင်း၊ ဝမ်းနောင်လုံအုပ်စု၊ ဝမ်နောင်လေးရွာနှင်‌့ ဝမ်လောက်ဖျားရွာ အပါအဝင် ကျေးရွာများ ၂၃ မိုင်နှင်‌့ ၂၈ မိုင်ကြားရှိရွာများ၊ မိုင်းခတ်မြို့နယ်အတွင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှသာ အဖက်ဖက်မှ ပြန်လည်အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်းလားမြို့နယ် ဝမ်နောင်လုံအုပ်စု အတွင်းရှိ ဝမ်နောင်လေးကျေးရွာ၊ ဝမ်လောက်ဖျားကျေးရွာနှင်‌့ အနီးအနားရှိ ၂၃ မိုင်နှင်‌့ ၂၈ မိုင် ရွာ အကြားမှာရှိသည့် ရွာများကို မိုင်းခတ် မြို့နယ်အတွင်း ပြန်လည်ထည့်သွင်း ဖွဲ့စည်းပေးနိုင်ခြင်းရှိ/မရှိနှင့် ၎င်းရွာများတွင် နေထိုင်သည့် ကျေးရွာသူ၊ ကျေးရွာသားများအတွက် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။