(ခ)-သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှန်တကယ် လိုအပ်နေသော မန်းချောင်း တံတားအထက်ပိုင်း သောင်တူးပေးရန်နှင့် စကုမြို့သို့ ဦးတည်တိုက်စားနေသော နေရာတွင် ရေကာတာ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် လိုအပ်ချက်ကို မေးခွန်း မေးမြန်းမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ် အတွင်းတွင် ဖြတ်သန်းစီးဆင်းနေသည့် မန်းချောင်းသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီ ရေမပြတ် စီးဆင်းနေကြောင်း၊ မန်းချောင်းတစ်လျှောက် ဘေးဝဲ/ယာတွင် စကုမြို့နှင့် ကျေးရွာပေါင်းများစွာ တည်ရှိကြောင်း၊ မန်းချောင်းရေ စီးဆင်းသည် ဒေသခံပြည်သူများ စိုက်ပျိုးရေးအတွက် အဆင်ပြေမှု ရှိသော်လည်း မန်းချောင်းရေ တိုက်စားသည့်အတွက် စိုက်ပျိုးမြေ ဆုံးရှုံးရခြင်းများ၊ နေအိမ်များ ပြောင်းရွှေ့ရခြင်းနှင့် ရေကြီးခြင်း ဒုက္ခများကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်တွင် မန်းချောင်းသည် စကုမြို့ကို ဦးတည် တိုက်စားနေသည့်အတွက် စကု-ပွင့်ဖြူ လမ်းပေါ်ရှိသည့် မန်းချောင်း တံတား၏ ချဉ်းကပ်လမ်းကို တိုက်စားသွားမည်ကို ဒေသခံများက များစွာ စိုးရိမ်ပူပန်လျက် ရှိကြောင်း၊ ထို့ကြောင်း ယခုသဘာဝဘေးအန္တရာယ်ကို ကြိုတင်နိုင်ရန်အတွက် ချောင်းရေနည်းသည့် အချိန်တွင် သောင်တူးခြင်း၊ ကမ်းထိန်းနံရံ ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊
မန်းချောင်းသည် စကုမြို့သို့ ဦးတည်ပြီး တိုက်စားနေကြောင်း၊ မန်းချောင်းသည် အကွေ့များ များစွာဖြင့် ရွာများဘက်ကို တိုက်စားနေခြင်း၊ သောင်တူးရန် လိုအပ်မှု ရှိကြောင်း၊ ကန်ထိန်းရန်အတွက် မျောတိုင်များ ရိုက်ကြောင်း၊ မြေကြီးများချပြီး ယာယီကမ်းထိန်းခြင်းကို ဆောင်ရွက်ခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း၊ ထပ်ပြီး စားနေကြောင်း၊ စကုမြို့နှင့် အင်မတန် နီးကပ်နေပြီ ဖြစ်ကြောင်း၊ စကု အမှတ်(၃)ရပ်ကွက်နှင့် မန်းချောင်းတံတား ချဉ်းကပ်လမ်းကို နီးကပ်နေပြီဖြစ်သည့်အတွက် ဒေသခများ စိုးရိမ်ပူပန်နေရခြင်း ဖြစ်ကြောင်း၊
ထို့ကြောင့် မိမိတို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် မန်းချောင်းတံတား အထက်ပိုင်းကို သောင်တူးခြင်းနှင့် စကုမြို့ကို ဦးတည် တိုက်စားနေသည့် နေရာများတွင် ရေကာတာ ပြုလုပ်ပေးရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။