(ခ)-တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်း ထားရသည်၊ ရှေ့အနာဂတ်တွင် တိုင်းပြည်အတွက် ဆုံးရှုံးမှုမရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်မည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းလိုပါကြောင်း၊ အဆိုပါစီမံကိန်းကို MEC မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး သမ္မတကြီးဦးသိန်းစိန်အစိုးရတက်လာပြီးနောက် (၈-၂-၂၀၁၂)ရက် နေ့တွင် ယင်းစီမံကိန်းကြီးကို MEC မှ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊ စီမံကိန်း တည်ဆောက် ရေးကို ဘတ်ဂျက်နှစ်အလိုက် ခွဲဝေရရှိသည့် ငွေကြေးများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်အထိ စုစုပေါင်း ၉၈.၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီ စြဖ်ပါကြောင်း၊ အဆိုပါစက်ရုံတွင် အလုပ်ရုံပေါင်း ၂၃ ခုပါရှိပြီး အလုပ်ရုံ ၁၄ ခုသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည့် အတွက် ပျမ်းမျှအနေဖြင့် ၉၈.၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ခွဲဝေလျာထားပေးခြင်းမရှိသည့်အတွက် ၁ ရာခိုင်နှုန်းကျော်ကျော်သာကျန်ရှိနေသည့် စီမံကိန်းကြီး သည် ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုသကဲ့သို့ ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံက နှစ်စဉ် သံတန်ချိန်နှစ်သန်း တင်သွင်းနေရပြီး ပြည်တွင်းထုတ်လုပ်မှုက မရှိသလောက်ဖြစ်ပါကြောင်း၊ အဆိုပါ စက်ရုံပြီးစီးပါက သံတန်ချိန် Pig Iron ဟုခေါ်သည့် သံစိမ်းတန်ချိန်နှစ်သိန်း ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က စက်မှု နိုင်ငံဖြစ်ရန် ဦးတည်ပြီး စက်မှုနိုင်ငံဖြစ်ရန်အတွက် သံကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန်သည် အဓိကကျပါကြောင်း၊ အာရှတွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံများ စက်မှုထွန်းကားသည်ဆိုမှာ သံကိုထုတ်လုပ်နိုင်၍ ဖြစ်ပါကြောင်း၊ ကိုရီးယားနှင့် တရုတ်တို့တွင် Iron Ore မထွက်ရှိသော်လည်း သြစတေးလျက ဝယ်ယူပြီး သံမဏိများ ထုတ်လုပ်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့တွင် Iron Ore Deposit များရှိရာ ဧရာဝတီမြစ်အထက်ပိုင်းတွင် Deposit တစ်ခုနှင့် တောင်ကြီးအနီး ပင်းပက်တွင် Deposit တစ်ခုရှိပါကြောင်း၊ ပင်းပက်သည် Iron Ore Deposit ကို ၁၉၅၄ ခုနှစ်ကတည်းကပင် German Company နှင့် ပဏာမစမ်းသပ်ခဲ့ဖူးပြီး ကြီးမားသော သတ္တုသိုက်ဖြစ်သည်ဟု သိရှိရပါကြောင်း၊ သံတန်ချိန် စုစုပေါင်း သန်း ၇၀ ခန့် Deposit ရှိပြီးနှစ် ၁၁၀ သုံးနိုင်သည့် Deposit ကြီးတစ်ခုဖြစ်ပါကြောင်း၊ သံမဏိထုတ်လုပ်နိုင်သည့်ပမာဏဖြစ်သော်လည်း Iron Content သည် သြစတေးလျထက် နည်းပါကြောင်း၊ ဟေမတိုက်ဟုခေါ်သည့် Iron Content ၅၀ ရာခိုင်နှုန်းအထက်၊ အတိအကျဆိုပါက ၅၆.၄ ရာခိုင်နှုန်းပါဝင်ပြီး Limonite သည် Iron Content (၄၀)ရာခိုင်နှုန်းအထက် အတိအကျဆိုပါက ၄၂.၆ ရာခိုင်နှုန်း ပါဝင်ပါ ကြောင်း၊ Blast Furnace နည်းဖြင့် ထုတ်လုပ်နိုင်ကြီးမရှိဘဲ ရုရှားနိုင်ငံက Professor P.Romelt တီထွင်ထား သည့် Romelt Process ဆိုသည်ကို ထုတ်လုပ်ရန် ယခင်အစိုးရများက ဆုံးဖြတ်ခဲ့ပြီး TPE Companyနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ စက်ရုံစီမံကိန်းကို နိုင်ငံတော်က ယူရို ၁၃၇ သန်းခွဲ၊ ရုရှားအစိုးရက ယူရို ၇၈ သန်းခွဲ စုစုပေါင်း ယူရို ၂၁၆ သန်းနှင့် တည်ဆောက်ဖို့ သဘောတူညီခဲ့ပြီး ရုရှားဘက်က စေတနာဖြင့် ကူညီခဲ့ခြင်း ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့များ ပြောင်းသွားခဲ့သော်လည်း မြန်မာဘက်က ကျခံပေးရမည့် ယူရိုငွေကို တပ်မတော်အစိုးရက ဘဏ်တွင် သီးခြားအပ်နှံထားခဲ့ပြီး ယူရို ၃၁.၁၇၅ သန်းက ပေးချေပြီး ဖြစ်သည့်အတွက် ဘဏ်တွင် ၃.၃၂၅ သန်းကျန်ရှိနေပါကြောင်း၊ စက်ရုံကို ဆက်လက်လုပ်ကိုင်မည်ဆိုပါက ပေးချေရမည့် နိုင်ငံခြားငွေကို အဆိုပါပိုက်ဆံနှင့် ပေးချေရန်လုံလောက်ပါကြောင်းနှင့် အေစိုးရက ထပ်မံ ကျခံရန် မရှိပါကြောင်း၊ ဦးသိန်းစိန်ဦးဆောင်ခဲ့သည့် အစိုးရနှင့် ယခု အစိုးရလက်ထက်တွင် ပေးချေရသည်မှာ စက်ရုံတည်ဆောက်ရေးစီမံ စရိတ်သာဖြစ်ပါကြောင်း၊ ထပ်မံ၍ ၁၈ ဘီလီယံကျပ်သာ ကျခံပါက စီမံကိန်းသည့် လုံးဝပြီးစီးသွားမည့် အခြေအနေရှိပါကြောင်း၊ အဆိုပါ စီမံကိန်းတွင် Waste Heat Boiler ဟုခေါ်သည့် လျှပ်စစ်မဂ္ဂါဝပ် ၄၀ ထုတ်လုပ်နိုင်သည့် စနစ်တစ်ခုပါရှိပြီး စက်ရုံက ၂၅ မဂ္ဂါဝပ်သာသုံးစွဲသွားမည် ဖြစ်ပါကြောင်း၊ ၁၅ မဂ္ဂါဝပ်ကို National Grid က တစ်ဆင့် ရောင်းချနိုင်မည်ဖြစ်သည့်အတွက် နှစ်စဉ် ၁၅ ဘီလီယံကျပ် ဝင်ငွေရရှိနိုင်ပါကြောင်း၊ စီးပွားရေး တွက်ချေမကိုက်ဘူး ဆိုသည့် တစ်ဖက်သတ် တွက်ချက်မှု များနှင့် တွက်ချက်ပြီး စီမံကိန်းကို ရပ်ဆိုင်းထားခြင်းသည် ယခင်အစိုးရနှင့် တပ်မတော်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းကို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်သည်ဟု တွက်ဆရန်များလည်း ရှိပါကြောင်း၊ စက်ရုံလည်ပတ်ရန်လိုအပ်သည့် တခြားကုန်ကြမ်းများဖြစ်သော ထုံးကျောက်နှင့် ဒိုလိုမိုက်များကို နှစ်မိုင်နှင့် ခြောက်မိုင်ပတ်လည်တွင် ရရှိနိုင်ပြီး ကျောက်မီးသွေးကို ကျေးသီးနှင့် နမ့်ဆန်ကရရှိနိုင်ပါကြောင်း၊ ထိုသို့ အဆင်ပြေသည့် ယခုအခါ ပစ်စလက်ခတ်ပစ်ထားသလိုဖြစ်နေသည့်အတွက် Equipment များ၊ Materials များ၊ Paint များ၊ Chemical များသည် သက်တမ်းရှိသောကြောင့် အနည်းနှင့် အများ ပျက်စီးနေပါကြောင်း၊ မီတာခများ မပေးနိုင်၍ လျှပ်စစ်ဓာတ်အားပါ ဖြတ်တောက်ထားရခြင်းကြောင့် Automation System များလည်း ပျက်စီးသလောက် ဖြစ်နေပါကြောင်း၊ Control System များလည်း ထိခိုက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် (၁) ၁ ရာခိုင်နှုန်းကျော်သာကျန်ရှိသည့် စက်ရုံစီမံကိန်းကို အပြီးသတ်မဆောက်လုပ်ခြင်း မရှိဘဲ မခိုင်လုံတဲ့အကြောင်းပြချက်များနှင့် မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းထားသည့်ကိုလည်းကောင်း၊ (၂) ယင်းစီမံကိန်းကို ဆက်လက်မဆောင်ရွက်ပါက ရင်းနှီးမြှုပ်နှံ ထား သည့် ယူရို ၂၂၀ သန်းနှင့် မြန်မာငွေ ၂၂၀ ဘီလီယံကျပ်ကို လုံးဝ ဆုံးရှုံးနစ်နာမှုမရှိစေရန် မည်သို့ စီမံထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။