(က)-မက်မန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဖွင့်လှစ်ပေးရန်၊ (၁၂၀ x ၉၀)ပေ အားကစားရုံနှင့်(၄၀၀ x ၃၀၀)ပေ အားကစားကွင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

မက်မန်းခရိုင်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၁-၂၀၁၃  ရက်စွဲပါ စာအမှတ် (၂၀၀/၂၁-၇၅/ဦး-၁) နှင့် မက်မန်းမြို့နယ်၊ ပန်ဆမ်းမြို့နယ်၊ နားဖန်မြို့နယ်၊ မန်ကန်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ မက်မန်းခရိုင်အနေဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာ ၆ ခု၊ မက်မန်းမြို့နယ်အနေဖြင့် ဌာနဆိုင်ရာ ၂၀ ခုတို့ဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မက်မန်းခရိုင် မြို့နယ်အဆင့်စတင်ဖွင့်လှစ်စဉ်ကတည်းက ယနေ့အချိန်အထိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါကြောင်း၊ ဦးစီးဌာနဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် အားကစားဝန်ကြီးဌာနနှင့်ပတ်သက်သောလုပ်ငန်များ အထက်ဌာနကို တင်ပြခြင်းဖြစ်ဖြစ်၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများလျာထားတင်ပြခြင်းဖြစ်ဖြစ်၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင်ဖြစ်ဖြစ်၊ ဌာနနှင့်လုပ်ငန်း တာဝန်ခံ ဦးစီးအရာရှိမရှိသည့်အတွက် အစစအရာရာ အခက်အခဲဖြစ်ပေါ်လျက်ရှိပါကြောင်း၊

ခရိုင်အဆင့်၊ မြို့နယ်ဖြစ်သော်လည်း အားကစားကွင်း၊ အားကစားနှင့်ပတ်သက်သော အဆောက်အဦ တစ်ခုမျှမရှိသေးပါကြောင်း၊ မြို့တိုင်း၊ ရွာတိုင်းတွင် သင်‌့တင့်လျောက်ပတ်သော အားကစားကွင်းများသာရှိပါက အားလပ်ချိန်များတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်လူငယ်များသည် လောင်းကစားခြင်း၊ စုပေါင်းအရက်သေစာသောက်စားခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ ဒုစရိုက်ဆောင်ရွက်ခြင်းတို့ကင်းဝေးစေပြီး ကျန်းမာသန်စွမ်းသည့် လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်သလို ကာယစွမ်းအားမြင့်မားပြီး အားကစားစွမ်းရည်တိုးတက် မြင့်မား လာမည်လည်းဖြစ်ပါကြောင်း၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြတ်သော အားကစားသမားများပေါ်ထွက်လာရန် ပြည်နယ်/တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များတွင် အား ကစားကွင်းများ၊ Indoor Game များ အဆောက်အဦများရှိရန် လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ရပ်နားစဉ် မဲဆန္ဒနယ်မြေသွားရောက်သည့်အချိန်တွင် အားကစားကွင်း အားကစား အဆောက်အဦများအတွက် မြေနေရာရွေးချယ်သတ်မှတ်ပြီးဖြစ်သည်ကိုလည်း ခရိုင်မြို့နယ် အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်သိရှိခဲ့ရသလို မြေပြင်တွင်လည်း တွေ့ရှိခဲ့ရပါကြောင်း၊ မိမိ မေးခွန်းတွင် အားကစားကွင်း အဆောက်အဦများနှင့်ပတ်သက်ရင်လည်း ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ခွင့်ရရှိရေးအတွက်လည်း ရင်းနှီးမြှုပ်နှံမှုအဆိုပြုစာရင်းတွင်လည်း လျာထား ဆောင်ရွက်ထားရှိပါကြောင်း၊

ယနေ့ နိုင်ငံတကာတွင် အားကစားကဏ္ဍ‌ပြောင်းလဲမှုများ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကို လေ့လာ ကြည်‌့မည်ဆိုပါက လူငယ်များအပေါ်တွင် များစွာမူတည်နေပါကြောင်း၊ လူငယ်များသည်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး အဆိုပါစွမ်းအားဖြင့်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို တည် ဆောက်ရန် အားကစားကဏ္ဍသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေလျက်ရှိသလို မက်မန်းမြို့နယ်သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်လာသည့်အတွက် ခရိုင်/မြို့နယ်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်မည့် ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍လည်းကောင်း၊ မက်မန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ (၁၂၀ x ၉၀)ပေ အားကစားရုံနှင့် (၄၀၀ x ၃၀၀)ပေ အားကစားကွင်းတည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်‌ကိုသိရှိလိုပြီး အစီအစဉ်မရှိ ပါကလည်း မည်သည့်အတွက်ကြောင့်မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။