(ဃ)-ပျော်ဘွယ်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း (၃၀)ခန့် လျှပ်စစ်မီး ရရှိသုံးစွဲ နိုင်ရန်အတွက် ယင်းတော်ရွာတွင် 33/11 KV 3 MVA ဓာတ်အားခွဲရုံ (၁)ရုံနှင့် ကျေးရွာများအတွက် 11 KV ဓာတ်အားလိုင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပျော်ဘွယ်မြို့နယ်မြောက်ပိုင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာပေါင်း (၃၀)ခန့် လျှပ်စစ်မီး ရရှိသုံးစွဲ နိုင်ရန်အတွက် ယင်းတော်ရွာတွင် 33/11 KV 3 MVA ဓာတ်အားခွဲရုံ (၁)ရုံနှင့် ကျေးရွာများအတွက် 11 KV ဓာတ်အားလိုင်း(၁၂) မိုင်ခန့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပျော်ဘွယ်မြို့နယ် ကျေးလက်နေ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိနိုင်ရေးအတွက် မေးခွန်းမေးမြန်းမည်ဖြစ်ကြောင်း၊ မိမိတို့ ပျော်ဘွယ်မြို့နယ်တွင် ကျေးရွာပေါင်း ၃၁၇ ရွာရှိပြီး ၁၂၇ ရွာ သာ လျှပ်စစ်မီး ရရှိကြောင်း၊ ကျန်ရွာများသည် လျှပ်စစ်မီး ရရှိရန် လိုအပ်လျက် ရှိကြောင်း၊ ပျော်ဘွယ်မြို့နယ်သည် ၃၃ ဓာတ်အားလိုင်းကို မိတ္ထီလာ-သာစည် မှတစ်ဆင့် ဖြန့်ဖြူးရရှိခြင်း ဖြစ်ကြောင်း၊ ၎င်းဓာတ်အားလိုင်းသည် ပျော်ဘွယ်မြို့နယ် မြောက်ဘက်ခြမ်းတွင် ရှိသည့် ယင်းတော်ကျေးရွာကို ဖြတ်သန်းလာခြင်း ဖြစ်ကြောင်း၊ ၎င်းယင်းတော်ကျေးရွာသည် ယင်းတော်ရွာမနှင့် ယင်းတော်မြို့မ ရွာ နှစ် ရွာ ရှိပြီး အိမ်ခြေပေါင်း ၁၃၇၆ အိမ် ရှိကြောင်း၊ ၎င်းရွာသည် ၃၃ ကေဗွီဓာတ်အားလိုင်းမှ ၄၀၀ ဓာတ်အားလိုင်း 33.4 ထုတ်ပြီး သွယ်တန်းခွင့် တိုက်ရိုက်ရရှိသည့် ကျေးရွာဖြစ်သည့်အတွက် လက်ရှိ လျှပ်စစ်မီးလင်းနေပြီဖြစ်ကြောင်း၊ ၎င်းကျေးရွာ၏ အရှေ့၊ အနောက်တွင် ကျေးရွာပေါင်း များစွာရှိပြီးလျှပ်စစ်မီး သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း၊
ယခုလက်ရှိကာလတွင် ၃၃ ကေဗွီဓာတ်အားလိုင်းမှ ၄၀၀ ဗို့အားလိုင်းကို တိုက်ရိုက် သွယ်တန်းခွင့် မပြုတော့ကြောင်း၊ ထို့ကြောင့် ယင်းတော်ရွာ၏ အရှေ့၊ အနောက်ကျေးရွာများကို လျှပ်စစ်ဓာတ်အား သွယ်တန်းဖြန့်ဖြူးရန် လွယ်ကူချောမွေ့စေရန်အတွက် ရည်ရွယ်ပြီး ယင်းတော်ကျေးရွာတွင် 33/11 KV နှင့် 3 MVA ဓာတ်အားခွဲရုံ တစ်ရုံနှင့် 11 KV ဓာတ်အားလိုင်းကို ခွင့်ပြုပေးရန် လိုအပ်လျက် ရှိကြောင်း၊ ၎င်း ဓာတ်အားခွဲရုံအတွက် လိုအပ်သည့် မြေနေရာကို သက်ဆိုင်ရာ ကျေးရွာတွင် ရှာဖွေရရှိထားပြီး ဖြစ်ကြောင်း၊ 33/11 KV ဓာတ်အားခွဲရုံနှင့် 11 KV ဓာတ်အားလိုင်း ၁၂ မိုင် ခွင့်ပြုမည်ဆိုပါက ယင်းတော်ကျေးရွာမှ ပတ်ဝန်းကျင် ကျေးရွာပေါင်း ၃၀ သည် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရရှိကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၏ မြောက်ဘက်တွင် ရှိသည့် လျှပ်စစ်မီး မရရှိသည့် ကျေးရွာပေါင်း ၃၀ ခန့်ကို လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရန်အတွက် ယင်းတော် ကျေးရွာတွင် 33/11 KV၊ 3 MVA ဓာတ်အားခွဲရုံ တစ်ရုံနှင့် ကျေးရွာများအတွက် 11 KV ဓာတ်အားလိုင်း ၁၂ မိုင်ခန့်ကို တည်ဆောက် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့် ခွင့်ပြုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်၊ ခွင့်ပြုနိုင်ခြင် မရှိဘူးပါက မည်သည့်အတွက်ကြောင့် ခွင့်ပြုနိုင်ခြင်း မရှိကြောင်းဖြစ်ကြောင်း၊ ၎င်းကျေးရွာများကို မည်သည့်ကာလတွင် လျှပ်စစ်မီး ရရှိစေရန် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုသည့်အတွက် မေးမြန်းပါသည်။