(စ)-လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သတ်မှတ်ထားသော ကြီးမြင့်သည့်နှုန်းကို မတတ်နိုင်သူများ၊ အများနည်းတူ လျှပ်စစ်မီးသုံးစွဲလို သူများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကိုယ်ထူကိုယ်ထမီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အားရရှိထားသည့်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သတ်မှတ်ထားသော ကြီးမြင့်သည့်နှုန်းကို မတတ်နိုင်သူများ၊ အများနည်းတူ လျှပ်စစ်မီးသုံးစွဲလို သူများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကိုယ်ထူကိုယ်ထ မီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အားရရှိသည့် ကျေးရွာများတွင် မူလမီးလင်းရေး ဆောင်ရွက် စဉ်က သတ်မှတ်ထားသည့် ထည့်ဝင်ငွေသည် အနည်းဆုံး ၈၀၀၀၀၀ မှ အများဆုံး ၁၅၀၀၀၀၀ အထိရှိပါ ကြောင်း၊ ငွေကြေးမတတ်နိုင်သည့် ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိချိန်၌ သင့်တင့် လျောက်ပတ်သည့် ငွေကြေးထည့်ဝင်ပြီး လျှပ်စစ်ဓာတ်အားကို ရရှိလိုကြပါကြောင်း၊ တချို့ကျေးရွာများ၏ မီးလင်းရေးကော်မတီများသည် နဂိုသတ်မှတ်ထည့်ဝင်ထား ငွေကြေးကိုသာလက်ခံနိုင်မည်ဖြစ်ပြီး တချို့ ကော်မတီအများစုက နောက်ကျမှထည့်ဝင်သည့်အတွက် သတ်မှတ်ထားသော ငွေကြေးအပြင် ဒဏ်ကြေးကိုပါ ထည့်ဝင်ရမည်ဆိုသောကြောင့် ငွေကြေးမတတ်နိုင်သူများအနေဖြင့် အခက်ကြုံရပြီး အများနည်းတူ လျှပ်စစ် ဓာတ်အားသုံးစွဲခွင့်မရ ဖြစ်နေကြရပါကြောင်း၊ ကိုယ်ထူကိုယ်ထမီးလင်းရေးဆောင်ရွက်မှုကြောင့် ၁၁ ကေဗွီကြိုးများ၊ ၄၀၀ ဗို့အားလိုင်းများ ထရန်စဖော်မာအိုးများအတွက်လည်း ငွေထပ်မံကုန်ကျစရာ မလိုအပ် သည့်အတွက် နောက်မှ ငွေကြေးထည့်ဝင်သူများအနေဖြင့် သက်သာသည့် ငွေကြေးထုတ်ပေးနိုင်ပါက အဆင်ပြေမည်ဖြစ်သော်လည်း မီးလင်းရေးကော်မတီတချို့၏ စီမံခန့်ခွဲမှုလိုအပ်ချက်များကြောင့် ယခုကဲ့သို့ ပြဿနာများ ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ နောက်ကျမှထည့်ဝင်ခြင်းသည်လည်း တမင်သက်သက် လုပ်ဆောင်ခြင်း မဟုတ်ဘဲ အမှန်တကယ်ကို မူလကသတ်မှတ်ထားသည့် နှုန်းထားကိုမတတ်နိုင်ခြင်း ကြောင့် ဖြစ်ပါကြောင်း၊
နိုင်ငံတော်မှတာဝန်ယူဆောင်ရွက်နေသည့် NEP အမျိုးသား လျှပ်စစ်ရရှိရေးစီမံကိန်းတွင် ပါဝင်သော ကျေးရွာ များအနက် မူလသတ်မှတ်ထားသည့် စာရင်းတွင်ပါရှိသော်လည်း ကိုယ်ထူကိုယ်ထမီးလင်းရေး ဆောင်ရွက်ခဲ့ ကြသည့်ရွာများကို ချန်လှပ်ခံရပြီး ကျန်ရွာများအတွက်သာ ဆောင်ရွက်ပေးနေပါကြောင်း၊ ကိုယ်ထူကိုယ်ထ မီးလင်းရေး ဆောင်ရွက်သည့် ရွာများတွင် အိမ်ရှင်ထက်ဝက်ကျော်ခန့်သည် သတ်မှတ်ထားသည့် ငွေကြေးကို အမှန်တကယ်မတတ်နိုင်ကြောင့် မီးမလင်းလဲ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှလည်း ထောက်ပံ့ချက် တစ်စုံတစ်ရာမရရှိသည့် ကိုယ်ထူကိုယ်ထမီးလင်းရေးဖြင့် ဆောင်ရွက်ထားပြီးသည့် ကျေးရွာများရှိ အများ နည်းတူ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်မရှိသူများမှာ လွန်စွာနစ်နာနေကြရပါကြောင်း၊
အဆိုပါလျှပ်စစ်ဓာတ်အားမရရှိသူများအနေဖြင့် အများနည်းတူ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ငွေကြေး တစ်စုံတစ်ရာမပေးရဘဲ အလကားရမည်ဟု မှတ်ယူထားတာမရှိပါကြောင်းနှင့် ၎င်းတို့ အနေဖြင့် တတ်နိုင်သည့် သင့်တင့်သော ငွေကြေးကို ပေးဆောင်လိုကြသော်လည်း မီးလင်းရေးကော်မတီများ၏ ငြင်းဆိုမှုကြောင့်သာ လျှပ်စစ်မီးမရခဲ့ခြင်းဖြစ်ပါကြောင်း၊ မီးလင်းရေးကော်မတီအတွက် ချမှတ်ထားသည့် စည်းကမ်းချက်အချို့သည် လည်း အမှန်တကယ်မီးလင်းလိုသူများအတွက် အခက်အခဲဖြစ်စေသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် ကိုယ်ထူကိုယ်ထမီးလင်းရေးအဖြစ် ဆောင်ရွက်ပြီးသောကျေးရွာများတွင်ရှိသည့် သတ်မှတ် ထားသောငွေကြေးမတတ်နိုင်သူ အများနည်းတူလျှပ်စစ်ဓာတ်အားသုံးစွဲခွင့်မရရှိသူ ပြည်သူများအတွက် လျှပ်စစ်မီးကို အများနည်းတူပါဝင်သုံးစွဲခွင့်ရရှိနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့ကူညီဆောင်ရွက်ပေး နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။