(ဆ)-မြန်မာနိုင်ငံတောင်ပိုင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရည်မှန်းတည်ဆောက်နေသော LNG ဓာတ်အားပေး စီမံကိန်း(ကံပေါက်)အား မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
LNG ဓာတ်အားပေးစီမံကိန်း(ကံပေါက်)ကို ပြင်သစ်နိုင်ငံ Total ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံ SIEMENS ကုမ္ပဏီ တို့ ပူးပေါင်းပြီး အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်မှ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးအထိ သွယ်တန်းမည့် 500 KV မဟာဓာတ်အားလိုင်းနှင့် ၁၂၃၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံတို့ပါဝင်သည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတောင်ပိုင်း လျှပ်စစ်ဓာတ်အားရရှိပြီး မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ရန် Clean Energy ကို အသုံးပြုခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် အရေးပါသော စီမံကိန်းတစ်ခုဖြစ်သည်ဟု သိရှိရပြီး ရှိပြီးသား အခြေခံအဆောက် အဦများနှင့် အနာဂတ်ပြည်တွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို သုံးစွဲရန် ရည်မှန်းတည်ဆောက်ခြင်း ဖြစ်သည်ဟု သိရှိရပါကြောင်း၊ သွယ်တန်းမည့် ဓာတ်အားလိုင်းသည်လည်း တိုင်းဒေသကြီး/ပြည်နယ် လေးခုရှိ မြို့နယ် ၁၂ မြို့နယ်၊ ကျေးရွာပေါင်း ၂၅၃ ရွာ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၈ ရွာ၊ မွန်ပြည်နယ်တွင် ၁၃၇ ရွာ၊ ကရင်ပြည်နယ်တွင် ၇၂ ရွာ၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၆ ရွာ ဖြတ်သန်းသွားခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သော ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူ၍ နှစ်စဉ်တိုးတက်လျက်ရှိသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးသွားမည်ဟု ပါရှိပြီး ဖြစ်ရာ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်ပြီး များစွာမျှော်လင့်နေသော မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်သူများ မှာ စီမံကိန်းလျာထားချက်များအတိုင်း အချိန်မီအောင်မြင်စွာ ဆောင်ရွက် နိုင်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပြည်သူနှင့်ဆက်စပ်လုပ်ဆောင်ရမည့် ကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရေး မျှော်လင့်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ LNG ဓာတ်အားပေးစီမံကိန်း(ကံပေါက်)အား မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။