(ခ)-စစ်တွေမြို့တွင် ရုပ်ရှင်ရုံများဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

စစ်တွေမြို့သည် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ နောက်ပိုင်းတွင် ဗြိတိသျှနယ်ချဲ့အင်္ဂလိပ်များ တည်သည့်မြို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနောက်ဘက်နယ်ခြားတွင် ပြဿနာဖြစ်ပြီး အရှေ့ အိန္ဒိယကုမ္ပဏီက တပ်များသည် မြန်မာနိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၂၄ ခုနှစ်တွင်စစ်နိုင်သော ဗမာပဒေသရာဇ်မင်းများ အုပ်စိုးသော ရခိုင်များသည် အင်္ဂလိပ်နယ်ချဲ့လက်ထဲကို ရောက်သွားပါကြောင်း၊ စစ်တွေပေါ်လာပါကြောင်း၊ ထို့ကြောင့် အင်္ဂလိပ်ခေတ်တစ်လျှောက်လုံးတွင်  တစ်စုံတရာဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ လွတ်လပ် ရေးမရခင်ထိ စစ်တွေတွင်ရုပ်ရှင်ရုံတစ်ရုံရှိပါကြောင်း၊

နောက်လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက်တွင် ရုပ်ရှင်ရုံသုံးရုံရှိပါကြောင်း၊ စစ်တွေတွင် မိမိတို့ ရခိုင်ဗုဒ္ဓဘာသာ၊ မူဆလင်၊ ဟိန္ဒူ၊ ကက်သလစ်၊ Buddhist ၊ တရုတ်များရှိသည့် အတွက်ကြောင့် ဖဆပလအစိုးရလက်ထက်ရုပ်ရှင်လေးရုံတွင် မြန်မာကားပြသသော ရုပ်ရှင်ရုံနှစ်ရုံ၊ ဟိန္ဒူစတန် ဘာသာဖြင့်ပြသသော ကုလားကားဟုခေါ်သော ဟိန္ဒူကားများပြသသည့် ရုပ်ရှင်ရုံ တစ်ရုံ၊ အင်္ဂလိပ်ရုပ်ရှင်ရုံတစ်ရုံ စုစုပေါင်းလေးရုံရှိခဲ့ပါကြောင်း၊ ယခုတော့ ကံဆိုးစွာဖြင့် မိမိတို့ စစ်တွေမြို့တွင် ပြည်နယ်မြို့တော်ကြီးတစ်ခုတွင် ရုပ်ရှင်ရုံတစ်ရုံမျှမရှိတော့ပါကြောင်း၊ ရခိုင် တစ်ပြည်လုံးတွင်လည်း ရုပ်ရှင်ရုံတစ်ရုံမျှမရှိတော့ပါကြောင်း၊

ရုပ်ရှင်ဆိုသည်မှာ သုခုမအနုပညာတစ်ခုဖြစ်ပါကြောင်း၊ ယခုခေတ်မှာ လူအလွန်စိတ်ဝင်စားသော ယဉ်ကျေးမှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် မြို့ကြီး တစ်မြို့တွင် ရုပ်ရှင်ရုံတစ်ရုံမျှမရှိသည်မှာ အနုပညာဆိတ်သုဉ်းခြင်းလက္ခဏာတစ်ခု ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းအတွက်ကောင်းမွန်သည့်လက္ခဏာ မဟုတ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်၊ နိုင်ငံတော်အနေဖြင့် ရုပ်ရှင်ရုံကိုတည်ဆောက်ရန် ပြန်လည်စဉ်းစားသင့်ပါကြောင်း၊ ရုပ်ရှင်ရုံဆောက်ခြင်းအားဖြင့် ယဉ်ကျေးမှုဖြစ်လာမည် ဖြစ်ပါကြောင်း၊ နောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အပျော်အပါးလိုက်စားမှုများ တိုက်ဖျက်ပြီး မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ယဉ်ကျေးမှုကို ပြန်လည်ကူးပြောင်းဆက်သွယ်နိုငသော လမ်းကြောင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင် ရုပ်ရှင်ရုံမရှိသည်မှာ မည်သို့မျှလက်ခံနိုင်စရာအကြောင်း မရှိသည့်အတွက် ရုပ်ရှင်ရုံများတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်း ပါသည်။