(က)-တပ်ပိုင်မြေ ဧရိယာ မဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည်စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်ခြေရင်းတွင် အမှတ်(၃၇၇) အမြောက်တပ်ရင်း တစ်ခုရှိကြောင်း။ ၎င်းအမြောက်တပ်ရင်း စတင်တည်ဆောက်သည့် ၂၀၀၈-၂၀၀၉ ခုနှစ်ဝန်းကျင်ခန့်တွင် တပ်ပိုင်မြေအဖြစ်ဖြင့် နိုင်ငံတော်ကို လျှောက်ထားခဲ့သည်ဟု မိမိတို့ သိရှိရကြောင်း၊ လျှောက်ထားသည့်အချိန်တွင် စုစုပေါင်းမြေဧက ၃၄၈.၇၉ ဧက လျှောက်ထားခဲ့သည်ကို သိရှိရကြောင်း၊ နိုင်ငံတော်မှ ပြန်လည်ချပေးသည့်အချိန်တွင် မြေရိုင်းဧက ၃၀၀.၈၄ ဧကကို ခွင့်ပြုမိန့်ချပေးခဲ့ကြောင်း၊ ၄၇.၉၅ ဧကအား ဒေသခံများ လုပ်စားနေသည့် လယ်ယာ၊ ဥယျာဉ်မြေဖြစ်သည့် အတွက် ၎င်းခွင့်ပြုမိန့်တွင် ပါဝင်ခြင်း မရှိသည်ကို တွေ့ရကြောင်း၊ သို့သော် လျှောက်ထားချက်တွင် ပါဝင်သည့် ၄၇.၉၅ ဧကကို တပ် စတင်တည်ဆောက်သည့် နှစ်တွင်စတင်ပြီး တပ်မှ လယ်မြေ အဖြစ်ဖြင့် လုပ်နေသည်ကို မိမိတို့ သိရကြောင်း၊ ထို့အတွက် မိမိတို့ဒေသတွင် စိုက်ပျိုးရေးကို အခြေခံပြီး လုပ်စားနေကြသည့် လူများ ဖြစ်သည့်အတွက် ၎င်းဒေသ၏ မိသားစုများ ရှင်သန်ရေး၊ ရပ်တည်ရေးအတွက် လယ်ယာများသည် ကြီးမားသည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး နိုင်ငံတော်၏ ခွင့်ပြုမိန့်တွင် မပါဝင်သည့် လက်ရှိ တပ်မှ လယ်ယာမြေအဖြစ်ဖြင့် လုပ်နေသည့် ၄၇.၉၅ ဧကကို ပြန်လည် စိစစ်ပြီး မူလလုပ်ကိုင်စားသောက်ခဲ့ကြသည့် ပြည်သူများ လက်ထဲကို ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းလိုကြောင်း၊
ပြည်ထဲရေးမှ ခွင့်ပြုမိန့်ထုတ်ပေးထားသည့် အမိန့်ကြော်ငြာစာနှင့် ကွင်းအမှတ်များ၊ မိမိကို မြေစာရင်းမှ ထုတ်ပေးထားသည့် စာရင်းဇယားများ ဖြစ်ကြောင်း၊ ၎င်းအချက်များကို မိမိ မေးခွန်းမေးသည့်အချိန်တွင် ပူးတွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို ထည့်ပေးသည့် အချိန်တွင် တစ်ပါတည်း ပါဝင်ပါကြောင်း၊ မိမိ Google Map မှ ကြည့်မည်ဆိုပါက တပ်ချထားသည့် နေရာနှင့် အဝါရောင်လိုင်းသည် ရန်ကုန်-စစ်တွေ လမ်းမကြီးဖြစ်ကြောင်း။ အပေါ်တွင် အပေါက်ဝ ကျေးရွာနှင့် အမှတ်(၃၇၇) အမြောက်တပ်ရင်းကြားရှိ လယ်မြေများ ဖြစ်ကြောင်း တပ်ပိုင်မြေ ဧရိယာ မဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည်စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။