(ဃ)-မိုင်းပန်မြို့ရှိ မြို့နယ်ဦးစီးဌာနဆိုင်ရာရုံးအသီးသီးတွင် တာဝန်ထမ်းထောင်နေသော နိုင်ငံ့ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာနှစ်လုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်သည် ဝေးလံပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသော၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ခုနှစ် ရက်စွဲပါအမိန့်အရ မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခွင့်ရသည့်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံး ဧရိယာ ၉၅၀ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းရင်းသားလူမျိုးများ အများစုနေထိုင် ကြပါကြောင်း၊ မြို့နယ်သည် ယခင်ကလက်နက်ကိုင်အဖွဲ့အစည်းများလှုပ်ရှားမှုရှိခဲ့သောဒေသ ဖြစ်ပြီး ငြိမ်းချမ်းရေးကို အပြည့်အဝမခံစားရသောမြို့တစ်မြို့ဖြစ်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း နောက် ကျကျန်ရစ်ခဲ့ရပါကြောင်း၊ ယခုအခါ မိမိတို့မြို့နယ်တွင်စတင်ပြီးအထိုက်အလျောက် ဖွံ့ဖြိုးတိုးတက် လာပြီး ဌာနဆိုင်ရာဦးစီးဌာနရုံးများလည်း တိုးချဲ့လျက်ရှိပါသဖြင့် ဝန်ထမ်းဦးရေလည်း အများအပြားတိုးတက်လာခဲ့ပါကြောင်း၊

ထို့ကြောင့် မိမိတို့မြို့နယ်ကို မြို့နယ်ဦးစီးဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် ပြည်မနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်  ရောက်ရှိလာကြသောဝန်ထမ်းများအတွက် ယခုအခါ အများစုသည် ဝန်ထမ်းအိမ်ရာများမရရှိသည့်အတွက် ပြင်ပတွင်အိမ်ငှားစရိတ်ကြီးမြင့် စွာဖြင့် နေထိုင်နေကြရပါကြောင်း၊ ယခုအခါ မိုင်းပန်မြို့အရှေ့ရပ်ကွက်တွင်ယခင်က မိုင်းပန်မြို့ အထက်တန်းကျောင်းဟောင်းမြေနေရာသည် မြေဧရိယာ သုံးဧကခန့်ကျယ်ဝန်းပြီး မြို့မြေအဖြစ် အမည်ပေါက်ကျန်ရှိလျက်ရှိပါကြောင်း၊ ၎င်းကျောင်းဟောင်းမြေနေရာတွင် ကျောင်းဆောင်ဟောင်း မှလွဲပြီး အခြားမည်သည့်အဆောက်အဦမျှဆောက်လုပ်ခဲ့ခြင်း မရှိပါကြောင်း၊ အဆိုပါမြေနေရာတွင် နိုင်ငံ့ဝန်ထမ်းများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်ဖွံ့ဖြိုးရေးဦးစီးဌာန၏ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဆိုပါက ဝန်ထမ်းများ၏နေထိုင်မှုအခက်အခဲကို ကူညီဖြေရှင်းပေးရာရောက်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်လုပ်ငန်းဆောင်တာ များကိုလည်း ပိုမိုကြိုးစားစေတနာထားဆောင်ရွက်ကာ ဒေသအကျိုးကို ပိုမိုသယ်ပိုးဆောင်ရွက် နိုင်မည် ဖြစ်သောကြောင့် မိမိတို့ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များမှ အခြားမြို့နယ်များအသီးသီးတွင် နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများ ဆောက်လုပ်ပေးခဲ့သည်ကို တွေ့ရှိရသော်လည်း မိမိတို့မြို့နယ်မပါဝင်ခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနကို မေးမြန်းလိုသည်မှာ မိုင်းပန်မြို့နယ်ရှိ မြို့နယ်ဦးစီး ဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသောနိုင်ငံ့ဝန်ထမ်းများ၏ နေထိုင်မှုအခက်အခဲ ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးနိုင်ရန်အတွက် လေးခန်းတွဲလေးထပ်ဝန်ထမ်းအိမ်ရာနှစ်လုံးအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။