(ဆ)-မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အန္တရာယ်ရှိ တံတားဖြစ်သော ဆွမ်ဗီယန်တံတားနှင့် ဖုန်အင်တံတားတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်တံတား အသစ် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်-ပူတာအိုခရိုင်ချင်း ဆက်သွယ် ထားသည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးသည် မိုင်ပေါင်း ၂၁၈ မိုင် ရှည်လျားပြီး ပူတာအိုခရိုင် ငါးမြို့နယ်ရှိ ဒေသခံမိဘပြည်သူများ၏ အဓိကအားထားရသော ပြည်ထောင်စုလမ်းမကြီး ဖြစ်ပါကြောင်း၊ ယခင်က မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စု လမ်းမကြီးသည် ရာသီမရွေးသွားလာနိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရမှ ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်ဘတ်ဂျက်ဖြင့် ပြည်ထောင်စုလမ်းမကြီးအား ရာသီမရွေးသွားလာ နိုင်သောလမ်းမကြီးအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ ယခုဆိုရင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးသည် ရာသီမရွေး ကားကြီး ကားငယ်သွားလာနိုင်ခဲ့ပြီဖြစ်သောကြောင့် ကုန်ကားကြီး၊ ခရီးသည်တင်ကား၊ အိမ်စီးကားများ တစ်လလျှင် ကားအစီးရေ ၃၅၀ မှ ၄၀၀ ကျော် အဝင်/အထွက်ရှိနေသောကြောင့် ပူတာအိုခရိုင်အတွင်းရှိ ဒေသခံမိဘပြည်သူများ၏ စားဝတ်နေရေး၊ လူနေမှု၊ ကျန်းမာရေး၊ ပညာရေးကအစ ဖွံ့ဖြိုးတိုးတက်နေ သည်ကိုတွေ့ရပါကြောင်း၊ သို့သော် တံတားအမှတ် (၇/၁၇၀) ဆွမ်ဗီယန်တံတားနှင့် တံတားအမှတ် (၄/၁၄၈) ဖုန်အင်တံတားတို့သည် ဟောင်းနေသဖြင်‌့ အန္တရာယ်ရှိသော တံတားများဖြစ် နေသောကြောင့် အမြန်ဆုံးအသစ်တည်ဆောက်ပေးရန် တင်ပြခြင်းဖြစ်ပါကြောင်း၊ ဆွမ်ဗီယန်တံတား၏ တံတားအရှည်သည် ၁၇၀ ပေ၊ တံတားအကျယ် ၁၂ ပေ၊ ၆ လက်မရှိပြီး ခွင့်ပြုသည့်အလေးချိန်မှ ၁၃ တန်ဖြစ်ပါကြောင်း၊ တံတား အထူးအဖွဲ့(၁)မှ ခံနိုင်ဝန် ရှစ်တန်ထက်ပိုပြီးဖြတ်သန်း၍ တံတားပျက်စီးသွားပါက တံတား၏တန်ဖိုး သုံးဆပေးလျော်ရမည် ဟုတားမြစ်ထားပါကြောင်း၊           ဖုန်အင်တံတား၏ အရှည် ၂၃၅ ပေ၊ တံတား အကျယ် ၁၅ ပေ ရှိပြီး ခွင့်ပြုသည့် အလေးချိန်မှ ၁၃ တန်ဖြစ်ပါကြောင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၁၀ တန်အထက် ကုန်ကားကြီးများသွားလာနေသည့်အတွက် တံတားများအတွက် အန္တရာယ်များစွာရှိနေပါကြောင်း၊ ထို့ကြောင့်   မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ အန္တရာယ်ရှိတံတားအရှည်ဖြစ်သော  တံတားအမှတ်(၇/၁၇၀) ဆွမ်ဗီယန် တံတားနှင့် တံတားအမှတ်(၆/၁၄၈) ဖုန်အင်တံတားအား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ် တံတား အဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။