(ခ)-ဂျပန်-ကိုရီးယား စက်မှုလက်မှု လုပ်ငန်းများ မြန်မာပြည်သို့ လာရောက် ရင်းနှီးမြှပ်နှံမည့် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

မိမိမေးခွန်း၏ အဓိကရည်ရွယ်ချက်သည် လက်ရှိစိန်ခေါ်မှုများတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုများသည် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ တချို့မှ ပြဿနာဟု ကင်ပွန်းတပ်ကြပြီး မည်သည့်အတွက် ယခုကဲ့သို့ သုံးနှုန်း ရသည်ကို လေ့လာသည့်အချိန်တွင် နိုင်ငံအတွင်းတွင် တန်ဖိုးရှိလှသည့် လူသား အရင်းအမြစ်များသည် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှုများ ဖြစ်သည့်အပြင် ယခုကဲ့သို့ လုပ်ကိုင်ကြသည့်သူများတွင် တရားဝင်သူများ၊ တရားမဝင်သူများ ပါသည့်အတွက် တိုင်းတစ်ပါးနိုင်ငံများ၏ ဥပဒေများအရ အမြဲတမ်း ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများခံရပြီး လူသားတစ်ယောက်၏ မွေးရာပါလုံခြုံစိတ်ချရသည့် အာမခံချက်များ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း၊

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ပြည်ပကို တရားမဝင်၊ တရားဝင် သွားရောက် လုပ်ကိုင်သည့် လူဦးရေစာရင်းကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ စုစုပေါင်း နှစ်သန်းကျော် ပါကြောင်း၊  ၂၀၁၈ ခုနှစ်စာရင်းတွင် ငါးသန်း နီးပါးခန့် ရှိသည်ကို သိရှိရကြောင်း၊ မိမိတို့ နိုင်ငံသားများသည် ပြည်ပရောက် အလုပ်သမား ဦးရေ ကျား/မပေါင်း များလာသည့် အတွက် ၂၀၁၆-၁၇ ခုနှစ်စာရင်းများအရ မိမိတို့အလုပ်သမားများ တိုင်းပြည်မှ ထွက်ခွာသည့် နှုန်းသည် တစ်ရက်တွင် ၄၀၄ ဦး ရှိပြီး၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၄၉၈ ဦး အထိ ရှိသည်ဟု သိရပါကြောင်း၊ ယခုကဲ့သို့ အလုပ်လုပ်ကိုင်ရှာဖွေမှုများကို အသုံးချပြီး မိန်းကလေးငယ်များ လူကုန်ကူးမှုခံရခြင်းများ၊ သားမယားအဖြစ် ရောင်းချခံရခြင်းများ၊ ယောက်ျားလေးများ ရောင်းကုန်ကဲ့သို့ ရောင်းချခံရခြင်းများသည် အလွန်များကြောင်း၊ ထို့အတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးမှု ပြဿနာနှင့် ဝင်ငွေနည်းပါးလာမှု ပြဿနာများကြောင့် အနယ်နယ်အရပ်ရပ်မှ မြို့ကြီးပြကြီးများတွင် လမ်းဘေးကျူးကျော်ပြီး ဈေးရောင်းသူများ၏ ဘဝဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ ကားကြီး၊ ကားငယ်များကြားတွင် အန္တရာယ်ကိုရင်ဆိုင်ပြီး ရုန်းကန်ရှာဖွေကြရသည့် အနှေးယာဉ်လုပ်သားများ၏ ဘဝများ၊ ကယ်ရီသမားများ၏ ဘဝများသည် ခဏခဏယာဉ်တိုက်ပြီး ဆုံးရှုံးနေသည်ကို တွေ့ရှိရကြောင်း၊

ထိုဘဝများကို လွတ်မြောက်စေရန်အတွက် လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေသည့် နေရာတွင် ဖြတ်လမ်းမှ မူးယစ်ဆေးဝါး ကျေးကျွန်ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းချခြင်းများ၊ ဒုစရိုက်သမားများ ဖြစ်သွားခြင်းများသည် အများကြီး ဖြစ်ကြောင်း၊

ထို့အပြင် ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန်အပြင် မိမိတို့နိုင်ငံတွင် Inflation ဟု ခေါ်သည့် ငွေကြေးကွာဟမှုသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မတ်လအထိ ပို့ကုန်ပမာဏသည် သွင်းကုန်ပမာဏနှင့် နှိုင်းယှဉ်ပါက သွင်းကုန်သည် ၈၉၆၅.၇၅၇ သန်း ဖြစ်သကဲ့သိ့ို ပို့ကုန် တန်ဖိုးပမာဏသည် ၈၃၀၆.၂၂၃ သန်း US သန်းပေါင်းဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ လိုငွေပမာဏသည် ၇၅၉.၄၃ သန်းအထိ ကွာဟချက်သည် အမြဲတမ်း Inflationနှင့် ငွေကြေး၏ တန်ဖိုးနိမ့်ကျမှုကို ထိန်းသိမ်းနိုင်ရန် ခက်ခဲပါကြောင်း၊ ထို့ကဲ့သို့ ပြဿနာများ ဖြေရှင်းနိုင်မှုသည် မိမိတို့တွင် လိုအပ်လျက်ရှိကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံတွင် ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန် စဉ်းစားသည့်အပြင် Geo-Politics အရ မကြာခင်တွင် ဆယ်စုနှစ်တစ်ခုအတွင်းတွင် ပိုးလမ်းမကို ရောက်မည်ဖြစ်သည့်အတွက် ကြိုတင် ပြင်ဆင်ခြင်းဖြင့် မိမိတို့နိုင်ငံတော်ရှိ ဈေးကွက်တွင် Brand ဖြစ်နိုင်သည့် နိုင်ငံတကာမှ စက်ရုံ၊ အလုပ်ရုံများ၊ လယ်ယာစိုက်ပျိုးရေးများ၊ စက်မှုလက်မှုများတွင် ဝင်ရောက်ပြီး ကြိုတင်ရင်းနှီးမြှုပ်နှံပြီး မိမိတို့ လက်ဦးမှုရယူထားရမည် ဖြစ်ပါကြောင်း၊  ထို့အတွက် ယခု ကိစ္စသည် နှစ်ပေါင်း ၆၀ ကျော် ခန့်ကြာသည့်တိုင်အောင် အစိုးရအဆက်ဆက် မဖြေရှင်းနိုင်သေးသည့်ကိစ္စတွင် နိုင်ငံတော်၏အတိုင်ပင်ခံမှ နိုင်ငံတကာကို သွားပြီး လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ကြိုးစားနေသည်ကို အားလုံးအမြင်ဖြစ်သည့်အပြင် ၂၀၁၇-၁၈ ခုနှစ်နှစ်ဦး ပတ်ဝန်းကျင်ခန့်တွင် ဂျပန်နိုင်ငံသို့သွားပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည့်ကို တွေ့ရပါကြောင်း၊ ထိုကြောင့် မိမိတို့နိုင်ငံတွင် ဂျပန်နှင့် ကိုရီးယား ရင်းနှီးမြှုပ်နှံမှု စက်ရုံများသည် လာရောက်ပြီး တည်ထောင်ရန် အစီအစဉ် ရှိ/မရှိနှင့် လာ ရောက် တည်ထောင်သည့်အချိန်တွင် မိမိတို့နိုင်ငံ၏လူငယ်လူရွယ်များ အလုပ်အကိုင် ရရှိစေရန် အခွင့်အလမ်း မည်ကဲ့သို့ကြိုတင်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။