(ဂ)-ပြည်(နဝဒေး)တောင်ကုတ်လမ်းမကြီးအား(B.O.T)စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး စာချုပ်ပါ အချက်အလက်များအား ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခဲ့မှု ရှိ/မရှိနှင့် ထိုလမ်းမကြီးအားကောင်းမွန်အောင် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်(နဝဒေး)တောင်ကုတ်လမ်းမကြီးသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးကို အဓိက ဆက်သွယ် ထားသော ပြည်ထောင်စုလမ်းမကြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်းမကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီ တို့မှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး B.O.T စနစ်ဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ လမ်းမကြီး၏ သုံးပုံတစ်ပုံ ဖြစ်သည့် ၃၃ မိုင်ကို ၁၈-၆-၂၀၁၃ ရက်နေ့တွင် ပြန်လည်အပ်နှံခဲ့သည်ဟု သိရှိရ ပါကြောင်း၊ ထို့ကြောင့် မူလစာချုပ်အရ အခွန်သုံးနှစ်ကင်းလွှတ်ခွင့်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်မှ အခွန် တစ်ပြားတစ်ချပ်မှ မရဘဲ နစ်နာဆုံးရှုံးခဲ့ရသည့်အပြင် ၂၀၁၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မူလစာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လမ်းမိုင် ၃၃ မိုင်ကို ၂၀၁၃ ခုနှစ်က အပ်နှံခဲ့သော် လည်း စာချုပ်ကို ၂၀၁၇ ခုနှစ်ကျမှသာ ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည်ကို တွေ့ရှိရသည့်အတွက် ပြန်အပ်ခဲ့ သည့် နှစ်နှင့် ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည့်နှစ်တို့သည့် ကွာဟနေသည်ကို သိရှိရပါကြောင်း၊ ထို့ပြင် စာချုပ် ပြင်ဆင်ပြီး တစ်နှစ်မပြည့်ခင် ၁၃-၃-၂၀၁၈ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အမှတ်စဉ် ၉/၂၀၁၇ ခုနှစ်အရဟုဆိုကာ ကျန်ရှိ လုပ်ငန်းအားလုံးကိုပါ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနမှ ပြန်လည်ထိန်းသိမ်းရန် ဆုံးဖြတ်ဆောင်ရွက်ကြသည်ဟုလည်း သိရှိ ရပါကြောင်း၊ စာချုပ်ပါအရ ပဋိဉာဉ် စာချုပ်ကို ရပ်စဲလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်သော်လည်း ဝန်ကြီးဌာန၏ သာမန်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ စာချုပ်ကို ဖျက်သိမ်း ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှံးနစ်နာရသည့်အပြင် ဝန်ကြီးဌာန၏ လုပ်ထုံး လုပ်နည်းသည်လည်း လုံးဝလွဲမှားနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်ကိုယ်စားဆောင်ရွက်သည့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင့်ပုဂ္ဂလိက B.O.T စနစ်ဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ဆောင်ရွက်ကြရာတွင် နိုင်ငံတော်နှင့် ပြည်သူ့မျက်နှာကို မထောက်ထားဘဲ စီးပွားရေးလုပ်ငန်းရှင်ကိုသာ တစ်ဖက်သက် ဦးစားပေးခဲ့ သည်ကို စာချုပ်များအရတွေ့ရှိရပါကြောင်း၊ ထို့ပြင် နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီသည် ယင်းလုပ်ငန်းကို အကြောင်းပြပြီး MEB ဘဏ်မှ ၇.၅ ဘီလီယံကျပ်ကို ၂၀-၁၀-၂၀၁၁ ရက်နေ့တွင် ချေးယူခဲ့ ပါကြောင်းနှင့် ယင်းသို့ ချေးယူရာတွင်လည်း ပြည်-တောင်ကုတ်လမ်း ၁၀၂ မိုင်နှင့် တောင်ကုတ်-သံတွဲ-ငပလီ-လုံးသာ-မဇင်လမ်း ၅၆ မိုင် ၇ ဖာလုံကို လုပ်ငန်းအာမခံအဖြစ်လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အစိုးရအာမခံအဖြစ်လည်းကောင်း၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များပိုင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများက လည်းကောင်း၊ အာမခံ၍ ချေးယူခဲ့ခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊ ယခုမှစတင် ဆောင်ရွက်ရ မည့် ပြည်-တောင်ကုတ်လမ်း ၁၀၂ မိုင်ကိုပါ လုပ်ငန်းအာမခံစာရင်းထဲတွင် တင်သွင်းထားခြင်းသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊ အဆိုပါ ချေးငွေကိုလည်း ဆိုင်းငံ့ကာလငါးနှစ်၊ အတိုး၊ အရင်းဆပ်ကာလ ရှစ်နှစ်၊ ရှစ်ရစ်ဖြင့် အကျေ ဆပ်ရန် ထုတ်ချေးခဲ့တာဖြစ်ပြီး ယခုနှစ်အထိ ပေးဆပ်ရမည့်ပထမအရစ်နှင့် ဒုတိယအရစ်ကိုလုံးဝ ပေးသွင်းခဲ့ခြင်းမရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ငွေချေးရန်အတွက် လုပ်ငန်းပြခဲ့သည်လား ဆိုသည်ကို စဉ်းစားစရာဖြစ်နေပါကြောင်း၊
B.O.T စနစ်နှင့် လုပ်ငန်းဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိ၍ ပြန်အပ်သည်ကို လက်ခံပါကြောင်း၊ ယင်းလုပ်ငန်းကိုပြပြီး ဌာနမှ အာမခံကာ ငွေကို ဘီလီယံချီ ချေးပေးထားသောသော်လည်း ကုမ္ပဏီဘက်မှာ ဆပ်ရမည့်အချိန်ရောက်သည်အထိ တစ်ပြားတစ်ချပ်မှ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် B.O.T ကိစ္စနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင် ဌာနအနေဖြင့် အားနည်းသည်ဟု ထင်မြင်မိပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင်လည်း B.O.T စာချုပ်ချုပ်ဆိုပြီးသည့် လုပ်ငန်းလမ်းမကြီးများနှင့် ပတ်သက်ပြီး တင်သွင်းခဲ့သည့် အဆိုများကိုလည်း အတည်ပြုပြီးသားဖြစ်ပါကြောင်း၊
ယခုအချိန်တွင် ပြည်(နဝဒေး)တောင်ကုတ်လမ်းမကြီးသည် ဌာနလက်ထဲပြန်ရောက်နေသည်မှာ တစ်နှစ် ကျော်ပြီဖြစ်သည့်အတွက် ပြည်သူများ အဆင်ပြေချေမွေ့စွာ သွားလာနိုင်ရေးအတွက် မည်သို့ ကောင်းမွန် အောင် ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။