(ခ)-SIM Card မှတ်ပုံတင်ခြင်းကို နိုင်ငံသားမှတ်ပုံတင်မူရင်းဖြင့်လည်းကောင်း၊ Biometric စနစ်ဖြင့်သော် လည်းကောင်း မှတ်ပုံတင်ခြင်းပြုလုပ်မည့် အစီအစဉ်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
SIM Card များကို မှတ်ပုံတင်သည့်အခါ မှတ်ပုံတင်မိတ္တူများဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်နေခြင်း၊ နံပါတ်များကိုရှေ့၊ နောက်လွဲပြီး မှတ်ပုံတင်ထားခြင်း၊ SIM Card များကို အလကားပေးဝေခြင်း၊ အဆမတန်လျှော့ရောင်းခြင်းတို့ဖြင့် တည်ဆဲဥပဒေကိုချိုးဖောက်နေသည့် အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ SIM Card များကိုမှတ်ပုံတင်သည့်အခါ စနစ်တကျ မူရင်း အတိုင်းမတင်သည့်အတွက် Reject ဖြစ်ခြင်းများစွာ ရှိပါကြောင်း၊ Rejection ဖြစ်ရသည့် အကြောင်းအရင်း အများဆုံး ၆၇ ရာခိုင်နှုန်းသည် နိုင်ငံသားကဒ်တစ်ခုတည်းဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်ထားသည့်အတွက် ဖြစ်ပါကြောင်း၊ လက်ရှိ ၂၀၁၆ ခုနှစ် ကတည်း က SIM Card များကို မှတ်ပုံတင်ရန်အတွက် ညွှန်ကြားထားသော်လည်း မှတ်ပုံတင်မိတ္တူများဖြင့် သို့မဟုတ် မသမာသည့်နည်းများဖြင့် ရှေ့၊ နောက်များလွဲပြီး တင်လာသည့်အခါမျိုးတွင် တကယ် Approved ဖြစ်သည်က ၁၁ ရာခိုင်နှုန်းခန့်သာရှိပါကြောင်း၊ ကျန်သည့် ၈၉ ရာခိုင်နှုန်းကလည်း ဈေးကွက်ထဲတွင် အသုံးပြုခွင့်ရနေခြင်း ဖြစ်ပါကြောင်း၊ မိမိ၏မှတ်ပုံတင်နံပါတ်ဖြင့် အခြား တစ်ယောက်က တစ်လွဲသုံးမည်ဆိုပါက တရားဥပဒေစိုးမိုးရေးအတွက် အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်ပါကြောင်း၊
ဆက်သွယ်ရေးဥပဒေ၏ အခန်း(၁၁) တွင် ပြိုင်ဆိုင်မှုကိုဆန့်ကျင်သည့် လုပ်ဆောင်ချက်များကို တားမြစ်ခြင်း အခန်းတွင် ပုဒ်မ ၃၅၊ ၃၆ တို့တွင် လုပ်ငန်းလိုင်စင်ရရှိထားသူသည် ဆက်သွယ်ရေး ဈေးကွက်အတွင်း လွတ်လပ်စွာပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေသည့် မည်သည့် လုပ် ဆောင်ချက်ကိုမျှ ပြုလုပ်ခြင်းမပြုရဆိုပြီး တားမြစ်ထားသော်လည်း ဈေးကွက်ထဲတွင် SIM Card သုံးကဒ်ကို ၁၀၀၀ ဖြင့် 1 MB အလကားပေးပြီး ရောင်းနေခြင်းများက ၎င်းဥပဒေများကို ပြောင်လှောင်နေသည်ဟု ခံစားရပါကြောင်း၊ SIM Card များကို ဈေးကွက်ထဲတွင် ပေါပေါသီသီ ဝယ်၍ရနေခြင်းများသည် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာပါကြောင်း၊ တရားဝင်မှတ်ပုံတင် ထားသော SIM Card များမဟုတ်ဘဲ SIM Card အသုံးပြုပြီး တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်း၊ လိမ်လည်ခြင်းတို့ လူမှုရေးပြဿနာများ ရနိုင်ပါကြောင်း၊ နိုင်ငံတော် လုံခြုံရေးထိအောင်၊ အကြမ်းဖက်မှုများအထိအောင် ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အမုန်းစကား ဖြန့်ဝေခြင်းများ၊ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေရာတွင် မသမာမှုပြုလုပ်ရန်အတွက် လွယ်ကူ လာခြင်းများ၊ လူမှုကွန်ရက်ပေါ်တွင် Cyber Bullying ပြုလုပ်ခံရခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်သည့်အခါ အစိုးရလှုပ်ရှားမှုလှုံ့ဆော်ရေးသားမှုများကို ထောက်လှမ်းခြေရာခံသည့် အခါမှာ အခက်အခဲများစွာဖြစ်ပေါ်မည် ဖြစ်ပါကြောင်း၊
သို့သော် နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအကာအကွယ်ပေးရေးဥပဒေ များလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ဥပဒေများအတိုင်း Privacy ချိုးဖောက်မှုမရှိအောင် ကာကွယ်ပေးရမည် ဖြစ်ပါကြောင်း၊ အခန်း(၄) တားမြစ်ချက်တွင် ပုဒ်မ ၈(ခ) တွင် နိုင်ငံသား တစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအနှောင့်အယှက်ဖြစ်စေသော လူ့ဂုဏ်သိက္ခာ ကိုထိခိုက်စေသော နောက်ယောင်ခံခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်းမပြုရဟူ၍ ဥပဒေဖြင့် ခိုင်ခိုင်မာမာပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ သို့သော် ဖိနပ်နှင့်မတော်၍ ဖနောင့်ဖြတ်လိုက်သည့် စီမံခန့်ခွဲမှုမျိုးမဖြစ်ရန် အထူးမေတ္တာရပ်ခံအပ်လိုပါကြောင်း၊ ဝယ်ယူထားပြီးသား SIM Card များကို ပယ်ဖျက်ရာတွင် အသုံးပြုနေသောပြည်သူများ အဆင်ပြေရေးကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Mobile Router များကဲ့သို့ဖြစ်ပါကြောင်း၊ SIM Card များကို အင်တာနက် အသုံးပြုခြင်းများ၊ GPS များ၊ CCTV များကဲ့သို့သော အင်တာနက်အခြေခံထားသော IOT ပစ္စည်းများမှာ Mobile SIM Card များဖြင့်ချိတ်ဆက်ပြီး အသုံးပြုနေသူများ၊ SIM Card များစွာဝယ်ယူထားပြီး ဖြစ်နေပါကလည်း မည်သည့်နံပါတ်များကိုပယ်ဖျက်မည်နည်းဆိုပြီးမှန်မှန် ကန်ကန်အသုံးပြုနေသော ဝယ်ယူသုံးစွဲသူပြည်သူများနှင့် အရောင်းဆိုင်များကို ထိခိုက်မှု အနည်းဆုံးဖြစ်ရန်အတွက် ဖြေရှင်းပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊
နိုင်ငံတကာတွင် ဖုန်းဝယ်ပါက မှတ်ပုံတင်ခဲ့ရသော်လည်း မြန်မာနိုင်ငံတွင် မှတ်ပုံမတင်ဘဲ လက်ကိုင်ဖုန်းများကို အလွယ်တကူဝယ်ယူအသုံးပြုခွင့်ရခဲ့ပါကြောင်း၊ SIM Card မျိုးစုံကို လွယ်လွယ်ကူကူ၊ ပေါပေါများများအသုံးပြုလာသော၊ အင်တာနက်များအသုံးပြုခွင့်ရလာသည့်အခါ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွင် ကောင်းစွာအကျိုးဖြစ်ထွန်းခဲ့ပါကြောင်း၊ သို့သော် ဘေးထွက် ဆိုးကျိုးများအနေဖြင့် ပုဂ္ဂိုလ်ရေးနှောင့်ယှက်ခြင်းမှစပြီး ကြီးမားသောရာဇဝတ်မှုမျိုးများ ကျူးလွန် နိုင်ရန်အတွက် အလွယ်တကူဖြစ်လာသည့်အခါ ၎င်း SIM Card များကို မှတ်ပုံတင်ထားခြင်းမရှိ ပါက ထိန်းချုပ်ရန်ခက်ခဲမည် ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့်လည်း e-Government အကောင်အထည်ဖော်ရန် Data Center များ တည်ဆောက်ရန်၊ EIT စနစ်များအကောင်အထည်ဖော်နေပြီ ဖြစ်သည့်အတွက် အဆိုပါ SIM Card များ မှတ်ပုံတင် သည့်အခါတွင်လည်း မှတ်ပုံတင်မူရင်းဖြင့်သော်လည်းကောင်း၊ Biometric နည်းဖြင့်သော် လည်းကောင်း စနစ်တကျမှတ်ပုံတင်သော၊ ဆောင်ရွက်ထားသည့်အခြေအနေများ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။