(ဂ)-ခန္တီးမြို့နှင့် ကျေးရွာအုပ်စု (၉) အုပ်စုမှ ကျေးရွာများသည် ခန္တီးရတနာ နယ်မြေအတွင်း ကျရောက် နေပါသဖြင့် ပြန်လည်စိစစ်၍ ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ခန္တီးမြို့နယ်၏ အကျယ်အဝန်း ဧရိယာ ၃၁၆၅.၄၅ စတုရန်းမိုင်ရှိပြီး ဧကပေါင်း ၂၀၂၅၈၈၈ ဧကရှိကြောင်း၊ ကျောက်စိမ်းထွက်ရှိသည့်နေရာသည် ခန္တီးမြို့မှ ၂၅ မိုင်အကွာ နန်စီဘွန် ဒေသနှင့် နတ်မွန်ဒေသဖြစ်ကြောင်း၊ ခန္တီးမြို့မှ ၄၅ မိုင်အကွာ ပတ္တာဘွန်မှော်တွင် ပယင်း ထွက်ရှိကြောင်း၊ ယခင်က ကျောက်မျက်ရတနာထွက်ရှိရာ ဧရိယာအကျယ်အဝန်းကို အတိအကျသတ်မှတ်ခဲ့ခြင်းမပြုဘဲ တူးဖော်လုပ်ကိုင်ခဲ့ကြကြောင်း၊ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့ရက်စွဲပါ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးရုံး၏ အမိန့် ကြော်ငြာစာအမှတ် (၈၉/၂၀၀၁) ဖြင့် ခန္တီးမြို့ရတနာနယ်မြေကို ဧရိယာ ၁၁၆၃ စတုရန်းမိုင်၊ ဧကပေါင်း ၇၄၄၃၂၀ ဧကသတ်မှတ်ခဲ့ပါကြောင်း၊
ခန္တီးရတနာနယ်မြေအဖြစ် ခန္တီးမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်း ၄၅ မိုင်အကွာ တံခွန်ချောင်း အထိ ခန္တီးမြို့မှ ချင်းတွင်းမြစ်အောက်ပိုင်း ၃၆ မိုင်အကွာ ကောင်းဟိန်ရွာအထိ ခန္တီးမြို့ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် ကချင်ပြည်နယ်နယ်စပ်အထိ ရတနာနယ်မြေ သတ်မှတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ သတ်မှတ်လိုက်သည့်ဧရိယာတွင် ခန္တီးမြို့အပါအဝင် ပဒူးမုံး ကျေးရွာအုပ်စု၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မှန်ပင်ကျေးရွာအုပ်စု၊ အောင်မြေ ကျေးရွာအုပ်စု၊ စိန်လန်း ကျေးရွာအုပ်စု၊ ဟိန်စွန်း ကျေးရွာအုပ်စု၊ လင်းဖား ကျေးရွာအုပ်စု၊ အရှေ့ ကောက်တောင်း ကျေးရွာအုပ်စု၊ ကောင်းဟိန် ကျေးရွာအုပ်စု ကျေးရွာ ကိုးအုပ်စုနှင့် အခြားကျေးရွာ ကိုးရွာ စုစုပေါင်း ၁၈ ရွာရှိ ရွာဧရိယာနယ်နိမိတ်များ၊ ခန္တီးမြို့ ကျေး/ရွာ နယ်နိမိတ်များသည် ရတနာနယ်မြေအတွင်း ပါဝင်သွားကြောင်း၊ ရတနာနယ်မြေအတွင်း ပါဝင်နေသည့်အတွက် ဒေသခံတိုင်းရင်းသားများသည် လယ်ယာမြေဖော်ထုတ်ရာတွင် လည်းကောင်း၊ ဥယျာဉ်ခြံစိုက်ပျိုးရာတွင်လည်းကောင်း၊ နှစ်ရှည်သီးနှံပင်စိုက်ပျိုးရာတွင် လည်းကောင်း၊ ရွှေသတ္တုတူးဖော်လို၍ လျှောက်ထားခြင်းနှင့် မြို့မြေငှားဂရန်၊ ကျေးရွာ မြေငှားဂရန် လျှောက်ထားခြင်းတို့တွင် ဥပဒေနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊
ကျောက်ကျင်းထွက်ရှိသည့်နေရာ ရှိကြောင်း၊ ညောင်တစ်လျှောက်မှော်နှင့် လင်းဖားမှော် တို့တွင် ယနေ့အချိန်ထိ ကျောက်စိမ်းရိုင်းများ လုံးဝထွက်ရှိခြင်းမရှိသော်လည်း ကျောက်စိမ်း လုပ်ကွက်မှော်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ရွှေလုပ်ငန်းရှင်များက ရွှေထွက်ရှိသည့် ၎င်းနေရာကို ကျောက်စိမ်းဖော်ထုတ်လုပ်ကွက်အဖြစ် သတ်မှတ်စေပြီး ရွှေတူးဖော်ခဲ့ ကြကြောင်း၊ ယခုအခါ ၎င်းနေရာတွင် ရွှေကြောများကုန်သွားသည့်အတွက် တူးဖော် လုပ်ကိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊
ခန္တီးမြို့ ဧရိယာနယ်နိမိတ်အနီး၊ ကျေးရွာများ၏ ဧရိယာနယ်နိမိတ်အနီးနှင့် ချင်းတွင်းမြစ် ကမ်းစပ်ကနေ ၅ မိုင်အတွင်းတွင် ယနေ့အချိန်ထိ ကျောက်စိမ်းရိုင်းများ၊ အခြားဓာတ်ငွေ့ ရတနာများထွက်ရှိခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ရွှေသတ္တုအနည်းငယ်သာ ထွက်ရှိကြောင်း၊ ကျောက်မျက်ရတနာများ မထွက်ရှိသည့်အတွက် ချင်းတွင်းမြစ်ကမ်းစပ်မှ ၅ မိုင်အကွာထိကို ရတနာနယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးပြီး ခန္တီးမြို့ ဧရိယာနယ်နိမိတ်၊ ကျေးရွာများ၏ ဧရိယာနယ်နိမိတ်များ စနစ်တကျ သတ်မှတ် ပေးမည်ဆိုပါက ဒေသခံတိုင်းရင်းသား ပြည်သူများလယ်ယာမြေဖော်ထုတ်ခြင်း၊ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊
ရွှေသတ္တုထွက်ရှိသည့်နေရာများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ အသေးစား လက်လုပ်လက်စား ရွှေလုပ်ကွက်များချထားပိုင်ခွင့်မှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားဝင်လျှောက်ထားလုပ်ကိုင်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြို့မြေငှားဂရန်၊ ကျေးရွာမြေငှားဂရန်များကို ဥပဒေနှင့်အညီထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ခန္တီးမြို့နှင့် ကျေးရွာအုပ်စု ကိုးအုပ်စုမှ ကျေးရွာများသည် ခန္တီးရတနာနယ်မြေအတွင်း ကျရောက်နေပါသဖြင့် ပြန်လည်စိစစ်၍ ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။