(ဃ)-လျှပ်စစ်မီးမရရှိနိုင်သေးသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ရန် ထင်းအစားထိုးအခြားလောင်စာသုံးစွဲခြင်း အသိပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတါင် ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေကို ခံစားနေကြရခြင်းများကို ကုစားနိုင်ရန် နိုင်ငံတိုင်းလိုလိုပင် ဂရုတစိုက်ပြင်ဆင် ဆောင်ရွက်လာကြပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ရာသီဥတုအခြေအနေ ချိန်ခွင်လျှာညှိနိုင်ရန်အတွက် ပဲခူးရိုးမသစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်ဆိုင်းခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်းစီမံကိန်းကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းများ ဆောင်ရွက်နေသကဲ့သို့ တရားမဝင်သစ်ခိုး ထုတ်ယူခြင်း များကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သစ်တောပြုန်းတီးမှုကို ဖြစ်စေနိုင်သည့်အရာများကိုလည်း လျှော့ချသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေ၏ ၂.၄ ဘီလီယံခန့်သည် အစားအစာချက်ပြုတ်သုံးစွဲရာတွင် ထင်းနှင့် အခြားဇီဝလောင်စာများကို အသုံးပြုနေကြရပြီး ချက်ပြုတသည့် နေရာများတွင်လည်း ရိုးရာဖိုခုံလောက်မီးဖိုများကိုသာ အသုံးပြုနေကြဆဲဖြစ်ပါကြောင်း၊
ကျေးလက်နေ အိမ်ထောင်စုတစ်စု၏ တစ်နှစ်ထင်းသုံးစွဲမှုသည် ၂ ကုဗတန်ရှိပြီး ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ် လုပ်မှုသည် တစ်နှစ်လျှင် ၁.၂ မက်ထရစ်တန်ရှိသည်ဟု မှတ်သားထားဖူးပါကြောင်း၊ ယင်းကဲ့သို့ သုံးစွဲမှုကို အထိုက်အလျောက်လျှော့ချနိုင်ခဲ့မည်ဆိုပါက သစ်တောပြုန်းတီးမှုများ လျှော့နည်းသွားမည်ဖြစ်ပြီး ကာဗွန် ထုတ်လုပ်မှုကို လျော့ချနိုင်မည်ဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက်ပါ အထောက် အကူပြုစေမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးစသည့် တိုင်းဒေသကြီးများတွင် တောင်ကိုရီးယား နိုင်ငံ Climate Change Center (CCC)အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးခြင်း အစီအစဉ်ကို ငါးနှစ်ဆက်တိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၈ ခုနှစ်က ၂၀၂၃ အထိ ခြောက်နှစ်စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇.၂ သန်းထောက်ပံ့ကာ စွမ်းအားမြှင့်မီးဖို ၅၄၀၀၀၀ ကျော်ဖြန့် ဝေပေးသွားမည်ဟု သိရှိရပါကြောင်း၊ ရရှိလာမည့် Carbon Credit ၏ ၁၀ ရာခိုင်နှုန်း ကို ဝန်ကြီးဌာနကနေ ရရှိမည်ဖြစ်သည့်အတွက် အဆိုပါစီမံကိန်းသည် မိမိတို့နိုင်ငံအတွက် ကာဗွန်ရောင်းချနိုင်မည့် ပထမဆုံးသော စီမံကိန်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းအစီအစဉ်ကို ထောက်ခံကြိုဆိုသကဲ့သို့ ယခုအချိန်တွင် လျှပ်စစ် မီးမရရှိနိုင်သေးသည့် ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် တစ်နှစ်ကို စွမ်းအားမြှင့်မီးဖို ၁၅ သန်းဖြန့်ဝေပေးပြီး ၁၀ နှစ်အတွင်း အိမ်ထောင်စု၏ ၈၇ ရာခိုင်နှုန်းအထိ ဖြန့်ဝေပေးသွားရန် အစီအမံတွေ ချမှတ်ထားပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုကို လျော့နည်းသွားစေမည်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုနှင့်ပတ်သက်သော ဗဟိုဌာနက အသိအမှတ်ပြုထားသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးခြင်း၊ ပြည်သူသုံးစွဲရန် အသိပညာပေးခြင်းများ ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်မည်ဆိုပါက ထင်း သုံးစွဲမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာပိုင်သစ်တော၊ မိမိပိုင်သစ်တောများ ရေရှည်တည်တံ့ လာနိုင်မည်ဖြစ်သည့်အပြင် ကာဗွန်ထုတ်လုပ်မှုကိုလည်း လျော့ချသွားနိုင်မည် ဖြစ်ပါကြောင်း၊ ကာဗွန် ထုတ်လုပ်မှုကို လျော့ချစေသည်ဖြစ်သည့်အတွက် ပါရီသဘောတူညီချက်ကိုလည်း လိုက်နာအကောင် အထည်ဖော်ရာတွင် အထောက်အကူ ဖြစ်စေပါကြောင်း၊ သို့ပါ၍ နိုင်ငံအဝန်း သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်စေရန် ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို လျှပ်စစ်မီးမရရှိနိုင်သေးသည့် ဒေသများအထိ ကျယ်ပြန့်စွာဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။