(င)-လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနအနေဖြင့် မြေကြီးမြေပုံ မှန်ကန်ရေးအတွက် မည်ကဲ့သို့ စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့မြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဟု ကော်မတီနှစ်ခု ရှိကြောင်း၊ ၎င်းကော်မတီများကို ပြည်သူများက တိုင်ကြားလာသည့်အချိန်တွင် တိုင်ကြားစာများအပေါ်တွင် ၎င်းအဖွဲ့စုံ၊ ဝန်ကြီး ဌာနအစုံဖွဲ့ထားသည့် အဖွဲ့များမှ ၎င်းပြဿနာများကို ဖြေရှင်းရပြီဆိုပါက မြေကြီးနှင့် မြေပုံ မှန်ကန်မှုအပေါ်မူတည်ပြီး ဥပဒေ၊ အမိန့်ကြော်ငြာစာများအရကို ဖြေရှင်းကြရခြင်းဖြစ်ကြောင်း၊ ၎င်းမြေကြီးနှင့်ပတ်သက်သည့် မြေရာဇဝင်နှင့် ပတ်သက်သည်များ၊ မြေကြီးမြေပုံနှင့်ပတ်သက်ပြီး အထောက်အထားများ တောင်းသည့်အချိန်သည် အချိန်အကြာအမြင့်ဆုံးအချိန် ဖြစ်ကြောင်း၊ ထိုကိစ္စကို လေ့လာဆန်းစစ်နိုင်ရန်အတွက် မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေကို လေ့လာကြည့်ကြောင်း၊
မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေ ပုဒ်မ ၅၂၀ တွင် မြေပုံဆိုသည်မှာ မြေပုံစာရင်းများ၏ အညွှန်းဖြစ်ပြီး မြေတည်နေရာ၊ အရပ်၊ အတိုင်းအတာနှင့် နယ်နိမိတ်များကို ဖော်ပြသည့် မှတ်တမ်းဖြစ်ကြောင်း၊ အခွန်မြေတိုင်းစာရေးတိုင်းသည် မိမိအုပ်စုအတွင်းတွင် ရှိနေသည့် မြေမျက်နှာသွင်ပြင်ပြောင်းလဲသွားသည်များအားလုံးကို အခွန်စည်းကြပ်သည် ဖြစ်သည်ကို ထိခိုက် သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ကွင်းမြေပုံများအပေါ်တွင် ပြင်ဆင်မှတ်သားကြောင်း၊ အခွန်မြေတိုင်းစာရေးသည် မြေတိုင်းတာခြင်းပြောင်းလဲချက်များကို မှတ်သားနိုင်ရန်အတွက် မှင်နီဖြင့် မှတ်သားပြီးသည့်အချိန်တွင် ၎င်းမြေပုံများကို ဆိုင်ရာနှစ်များအတွင်း ပြောင်းလဲခြင်း များကို စာရင်းနှင့်အတူ ခရိုင် လယ်/ဝန်ရုံးကို နှစ်စဉ် ဇူလိုင်လ ၁ ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့ရမည်ဟု ဖော်ပြထားကြောင်း၊ မြေတိုင်းစာရေးသည် နှစ်စဉ်ကွင်းဆင်းသည့်အချိန်တွင် ကွင်းမြေပုံအသီးသီးအပေါ်တွင် ကမ္ပည်းပြင်ခြင်းနှင့် အခွန်စည်းကြပ်ရန် တိုင်းတာခြင်းများကို မြေပုံနှင့် မှတ်ပုံတင်စာရင်း(၁-ခ)ကို အမြဲတမ်း ပြည့်စုံမှန်ကန်အောင် ပြုလုပ်ရမည်ဟု ဖော်ပြထား ကြောင်း၊ မြေတိုင်းစာရေး၏ အမြဲတမ်းမှန်ကန်ဖြစ်စေရန်လုပ်ရမည် ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ခရိုင်ဝန်သည် ခရိုင်မြေစာရင်းဌာန လုပ်ငန်းများအတွက် အဓိက အားဖြင့် တာဝန်ရှိသူဖြစ်သည်ဟု တိတိကျကျဖော်ပြထားကြောင်း၊ သို့သော် ပေးလိုသည့် အမိန့်များကို ခရိုင်လယ်/ဝန်မှတစ်ဆင့် ပေးရမည်ဟု ဖော်ပြထားကြောင်း၊ ခရိုင်လယ်/ဝန်သည် ခရိုင်မြေစာရင်းဌာနကို ခရိုင်ဝန်၏ကြီးကြပ်အုပ်ချုပ်မှုကိုနာခံပြီး စီမံခန့်ခွဲရမည်ဟု ဖော်ပြထား ကြောင်း၊ ခရိုင်ဝန်၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရန် နှင့် ခရိုင်မြေစာရင်းဌာန လုပ်ငန်းများကို ဤမြေစာရင်းလက်စွဲဥပဒေ၌ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်၊ ကြည့်ရှုနိုင်ရန်အတွက် ခရိုင်ဝန်တွင် တာဝန်ရှိသည် ဟု ဖော်ပြထားကြောင်း၊ လယ်/ဝန်၏ အဓိက လုပ်ပိုင်ခွင့်များတွင် နယ်ခြားမှတ်တိုင်များစိုက်ထူခွင့်၊ ပြုပြင်ခွင့်နှင့် မည်သည့်မြေပေါ်တွင်မဆို ဝင်ရောက်တိုင်းတာရသည်ဖြစ်ကြောင်း၊ ၎င်း၏လုပ်ပိုင်ခွင့်ကို လွှဲပြောင်းပေးခွင့် ရှိကြောင်း၊ လယ်ယာမြေများအပြင် နောက်ဆုံး ကျေးရွာအုပ်စုနယ်နိမိတ်များကို ဆုံးဖြတ်သည့်နေရာများတွင် ကျေးရွာအုပ်စုအတွင်း ကွင်းများကို ခွဲစိတ်ခြင်းနှင့် မြေတိုင်းတာခြင်းသည် မြေတိုင်းတာမှု သီးသန့်သာဖြစ်ကြောင်း၊ နယ်နိမိတ်များကို ဆုံးဖြတ်သတ်မှတ်သည့်အချိန်တွင် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည် ဖြစ်ကြောင်း၊
တင်ပြခဲ့သည့် ကော်မတီနှစ်ရပ်သည် မိမိတို့၏လုပ်ငန်းကို လုပ်ဆောင်ရန်အတွက် မြေစာရင်း မြေပုံနှင့် မြေရာဇဝင်ကို ယူသည့်နေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အတွက်ကြောင့် ယခုပြဿနာများကို ဖြေရှင်းသည့်နေရာတွင် များစွာအနှောင့်အယှက် ဖြစ်စေကြောင်း၊ ထို့ကြောင့် မိမိတို့မှ မြေစာရင်း မှန်ကန်စေရန်အတွက်ကို လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နှင့် စာရင်းအင်း ဦးစီးဌာနတို့မှ မည်ကဲ့သို့ဆောင်ရွက်သည်ကို သိရှိနေရန် လိုပါကြောင်း၊ ၎င်းအခက်အခဲများသည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဌာနက ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော်မှုအားနည်းနေခြင်း သို့မဟုတ် ဝန်ထမ်းမလုံလောက်မှု မရှိခြင်း သို့မဟုတ် ရှိသည့်ဝန်ထမ်းကိုရှိသင့်သည့် အရည်အချင်းပြည့်မီစေရန် အလုပ်မလုပ်ပေးနိုင်ခြင်း သို့မဟုတ် ဝန်ထမ်းမှ မကြိုးစားခြင်း၊ လိုအပ်သည့်ဘတ်ဂျက်ကို လျာထားသုံးစွဲမှုမရှိခြင်း သို့မဟုတ် နည်းပညာကျွမ်းကျင်သည့် ဦးဆောင်သူမရှိခြင်း ထို့ကဲ့သို့မဟုတ်ပါက နည်းပညာရွေးချယ်မှု အပိုင်းတွင် ဆုံးဖြတ်ချက်မချနိုင်ခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲချင်သည့် Political Well ပျောက်ဆုံးနေခြင်း စသည်တို့သည် မိမိတို့အတွက်အမြဲတမ်းမေးခွန်းဖြစ်နေသည့်အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေကြီးမြေပုံမှန်ကန်ရေးအတွက် မည်ကဲ့သို့ စီမံခန့်ခွဲ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။