(က)-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရာတွင် အဘယ်ကြောင့်ကြန့်ကြာနေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မိုးအလွန်များပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသ ဖြစ်ပါကြောင်း၊ ယခင်က ဘဏ္ဍာနှစ်ကာလပြောင်းလဲမှုမရှိမီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက် သည့်အခါမှာ ဧပြီလ၊ မေလ နှစ်လလုံးပွင့်လင်းရာသီကို လွတ်သွားခဲ့သည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေးနှစ် ကာလ ပြောင်းလဲသတ်မှတ်သည့်အခါ မြန်မာနိုင်ငံ၏ပထဝီအနေအထားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ပွင့်လင်းရာသီတစ်ခုလုံးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်ဟူသော ရည်ရွယ်ချက်လည်း ပါဝင်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ ခေါ်သည့်တင်ဒါလုပ်ငန်းများသည် အလွန်နောက်ကျနေသည်ကို တွေ့ရှိရပါကြောင်း၊
တချို့လုပ်ငန်းများသည် မေလကုန်ခါနီးမှ စာချုပ်ချုပ်သည်ဟုသိရပါကြောင်း၊ ဇွန်လရောက်မှ လုပ်ငန်းစဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဒေသတွင် မေလကုန်ဆိုပါက မိုးဝင်နေပြီ ဖြစ်ပါကြောင်း၊ ခြောက်လပိုင်း ဇွန်လရောက်သွားပါက သွားရေးလာရေးအလွန်ခက်ခဲသည့် အချိန်ရောက်သွားပြီ ဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းများ၊ ကတ္တရာလမ်းများ မဟုတ်သည့်အတွက် များစွာသောအခက်အခဲများကြုံရပါကြောင်း၊ အရည်အသွေးပိုင်းတွင် ထိခိုက်မှုများ များစွာကြုံတွေ့နေရပါကြောင်း၊
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က သုံးလပိုင်း နှင့် နှစ်လ ပိုင်းတွင် တင်ဒါခေါ်ထားပါကြောင်း၊ သုံးလပိုင်းတွင် တင်ဒါဖွင့်ပါကြောင်း၊ သို့သော် တင်ဒါဖွင့်ပြီး မေလပိုင်းတွင် စာချုပ်ချုပ်သည်ကို တွေ့ရှိရပါကြောင်း၊ မိုးရွာသည့်အခါ လုပ်ငန်းများ ရပ်နားထားပါကြောင်း၊ လုပ်ငန်းလုပ်သည့်နေရာတွင် ဆီများသယ်ယူပို့ဆောင်သည့်အခါ လမ်းချော် သည့်အတွက် ခြင်းကြိုးပတ်ပြီး သွားနေရပါကြောင်း၊ မြေသားလမ်းများ ဖောက်လုပ်သည့်အခါ မိုးများစိုသည့်အတွက် ကမ်းပါးများပြိုနေသည့်အခြေအနေမျိုးတွင် အန္တရာယ်များစွာဖြင့် လုပ်နေ ပါကြောင်း၊ ကျောက်ချောလမ်းခင်းသည့်အခါ မိုးရွာသည့်အတွက်အခက်အခဲများကြုံနေရ ပါကြောင်း၊
တင်ဒါခေါ်သည့်အခြေအနေနှင့် စိစစ်သည့်အခြေအနေသည် ခုနစ်လ၊ ရှစ်လ ခန့်ကြာနေသည်ကို တွေ့ရသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာနှစ်ကာလပြောင်းလဲသတ်မှတ်သည့် ရည်ရွယ်ချက်ကကောင်းမွန်သော်လည်း သက်ဆိုင်ရာဌာနများနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များက အကောင်အထည်ဖော်မှုအားနည်းသည့်အခါ ဒေသအတွင်းဖွံ့ဖြိုးမှုများများစွာနစ်နာနေရသည်မှာ သက်ဆိုင်ရာဦးစီးဌာနများ၏ ကြိုးနီစနစ်မကုန်သေးသည်လား၊ မိမိဌာနနှင့်သက်ဆိုင်သော လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများမလုပ်ကြဘူးလား၊ သက်ဆိုင်ရာအစိုးရအဖွဲ့ကလည်း ဌာနကမလာမချင်းစောင့်နေခြင်းမျိုး ဖြစ်နေသည်လား သိလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေး ကြန့်ကြာနေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။