(ဂ)- မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီးဌာနက မည်ကဲ့သို့ အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီးဌာနက မည်ကဲ့သို့ အစီအစဉ်များ ရေးဆွဲချမှတ်ဆောင်ရွက် လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေးလက်ဒေသများကိုသွားရောက်ပြီး လူထုနှင့် တွေ့ဆုံသည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်လုပ်ငန်းများမေးမြန်း ဆွေးနွေးသည့်အခါ အများဆုံးနှင့် အလိုအပ်ဆုံး အမြဲတမ်းတင်ပြနေသည့်လမ်းကိစ္စမှာ ကျေးလက် လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေး ရန်နေရာတိုင်းတွင် အမြဲတောင်းဆိုပါကြောင်း၊ ၎င်းတို့သွားလာရန်ခက်ခဲသည့်လမ်း၊ တံတားများ၏ကိစ္စရပ်များသည် ၎င်းတို့၏ ပညာရေးကိစ္စ များတွင်  စာသင်ကျောင်းနှင့် ကျေးရွာနှစ်မိုင်၊ သုံးမိုင်၊ တချို့ ကိုးမိုင်ထိ ကွာဝေးပြီး သွားလာရေး ခက်ခဲသည့်အတွက်  ပညာရေးတွင်လည်း နှောင့်နှေးကြန့်ကြာမှုများရှိပါကြောင်း၊  ထို့အပြင် ၎င်းတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ကျေးလက်လမ်း၊ တံတားများကို အဓိက မှီခိုအားထားရပါကြောင်း၊ တံတားများ လမ်းများမကောင်းပါက ဒေသထွက်ကုန်ပစ္စည်း များကို ဈေးကွက်သို့အလျင်အမြန်ပို့ရန် ခက်ခဲသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မြို့ပြ ဖွံ့ဖြိုးရေးကွာဟချက်ကျဉ်းမြောင်းရန်အတွက် အဓိကဦးစားပေးဆောင်ရွက်ရမည့်ကိစ္စသည် ကျေး လက်လမ်းဖွံ့ဖြိုးရေး ကိစ္စများဖြစ်ပါကြောင်း၊

တချို့တင်ပြမေးမြန်းထားသည့် မိမိတို့မြို့နယ်ထဲက တချို့လမ်းများသည်  ပထမအကြိမ် လွှတ်တော်သက်တမ်းစတင်ကတည်းက မိမိတင်ပြခဲ့သည့်လမ်းများရှိပါကြောင်း၊ ၎င်းလမ်းသည် မြေသားလမ်းများဖြစ်ပြီး ‌မြေ၊ ရေ တိုက်စားမှုကြောင့် ပြန်လည်ပျက်စီးနေပြီး ယခုထိကျောက်ချော လမ်း အဆင့်ထိမတက်နိုင်သေးသည့် လမ်းများ အမြောက်အများရှိပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူသည့် အပိုင်းတစ်ပိုင်း၊ န.တ.လက တာဝန်ယူသည့် လမ်းအပိုင်းများဆိုပြီး ပိုင်းခြားထားပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူသည့် လမ်းများ၊ တံတားများ၊ ရေပြွန်များ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များတွင် သက်ဆိုင်ရာပြည်နယ် နှင့်တိုင်း အစိုးရများရှိပါကြောင်း နောက်ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၏ ဘတ်ဂျက်ခွဲဝေ လျာထားသည့်နေရာတွင် မိမိတို့လေ့လာကြည့်သည့်အခါ မိမိတို့ မြို့နယ်အတွက်၊ မဖွံ့ဖြိုးမတိုးတက်သေးသည့် မြို့နယ်များအတွက် ဘတ်ဂျက်လျာထားမှု ရရှိချက်က အလွန်အားနည်းလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသအတွက် တကယ်လိုအပ်သည့်လုပ်ငန်းများသည် အချိန်ကြာခဲ့ပြီးမှ ရရှိရန်အခက်အခဲဖြစ်နေသည့်အတွက် ယခုလို မေးခွန်းများ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်းရယ်-နားခိုလမ်းအပိုင်း၊ နားခို-ဟွေလွတ်လမ်းအပိုင်း၊ မိုင်းရယ်-နားဝါလမ်းအပိုင်းနှင့် နားစပွဲ-နားတီး လမ်းပိုင်း ရှိ ပေါင်းကူး တံတားများအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်လမ်း၊ တံတား လုပ်ငန်းများကို နှစ်အလိုက် ဘတ်ဂျက်လျာထားချက်များ၊ မည်သည့်အစီမံများနှင့် အမြန်ဆုံး ဆောင်ရွက်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။