(င)-ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား နိုင်ငံတော်မှ မည်သို့ကူညီစောင့်ရှောက် ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ယခုမေးခွန်းကို မိမိမေးခဲ့စဉ်က စစ်ဘေးရှောင် အရေအတွက်သည် ၁၀၀၀၀ ကျော်သာ ရှိကြောင်း၊ ယခုအချိန်တွင် ၅၀၀၀၀ ကျော်ရှိနေပြီဟု သတင်းများအရ သိရှိရကြောင်း၊ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် တိုက်ပွဲသည် နယ်မြေကျယ်ပြန့်လာပြီး ပိုမိုပြင်းထန်လာနေပါကြောင်း၊ ၎င်းအခြေအနေကြောင့် ကြားကမြေစာပင်ဖြစ်ကြရသည့် အပြစ်မဲ့ပြည်သူများဖြစ်ကြောင်း၊ အိုးပစ်၊ အိမ်ပစ်၊ စီးပွားပစ် စစ်နှင့် ဝေးရာကို အသက်နှင့်လုပြီး ပြေးနေရကြောင်း၊ မသေထမင်း၊ မသေဟင်း ထမင်းတစ်နပ်အတွက် အလှူရှင်များကို မျှော်ကိုးပြီး အသက်ဆက် နေရကြောင်း၊ နွေရာသီတွင် ဘုန်းတော်ကြီးကျောင်းအောက်တွင် ခိုလှုံနေကြကြောင်း၊ ထို့အတူ ရွက်ဖျင်တဲများဖြင့်နေရကြောင်း၊ ထို့အပြင် လူများသာမက တိရစ္ဆာန်များပါ ဒုက္ခရောက်သည်ကို သိရှိနိုင်ကြောင်း၊

နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လာရောက်ပြီး စစ်ဘေးရှောင်များအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးအတွက် ကူညီဆောင်ရွက်ပေးမှုများ ရှိကြောင်း၊ ထ့ိုအတွက်ကျေးဇူး လည်း တင်ကြောင်း၊ သို့သော် လိုအပ်ချက်အတိုင်းအတာသည် ကြီးမားလွန်းသည့်အတွက် ဆင် ပါးစပ်နှမ်းပက်သလို ဖြစ်ကြရကြောင်း၊ စားရေးတစ်ခုတည်းကိုသာ ပြန်စဉ်းစားရကြောင်း၊

လူ ၅၀၀၀၀ ကျော်အတွက် မနက်စာ ၅၀၀ ကျပ်၊ ညနေစာ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်နှုန်းဖြင့် တွက်မည်ဆိုပါက တစ်ရက်ကို သိန်း ၅၀၀ ကုန်ကျမည်ဖြစ်ကြောင်း၊ တခြားနေစရာအိမ်၊ ဝတ်စရာ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အိမ်သာ၊ ကျန်းမာရေးအတွက် ဆေးဝါးအစရှိသဖြင့် ဖြည့်ဆည်း ပေးရမည့် အတိုင်းအတာသည် မည်မျှအထိကြီးမားသည်ကို သဘောပေါက်ပါကြောင်း၊ ထို့ကြောင့် များပြားသည့် လိုအပ်ချက်ကို နိုင်ငံတော်အစိုးရ တစ်ခုတည်းဖြင့် ပြည့်စုံအောင် လုပ်ပေး နိုင်မလား ဆိုသည်က မေးခွန်းတစ်ခု ဖြစ်လာကြောင်း၊ နောက်ဆုံးမိုးတွင်းတွင် ပြည်သူများ၊ ဒုက္ခသည်များ ခံစားနေရသည့် အခြေအနေဖြစ်ကြောင်း၊

လက်တွေတွင် ယခုကဲ့သို့ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးများကို နိုင်ငံတော်အစိုးရကသာ သပ်သပ် တာဝန်ယူ ဖြေရှင်းသည်ထက် UNINGONGOCSO၊ ပရဟိတအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်စေတနာရှင်အားလုံးပူးပေါင်းဆောင်ရွက်ပြီး ပိုပြီးထိရောက်မည်ဖြစ်ကြောင်း၊ သို့သော် ဒေသဆိုင်ရာအာဏာပိုင်များ၏ ကန့်သတ်ချက်များရှိနေသည့်အတွက် အလှူရှင်များသည် စိတ်မ ချမ်းသာဖြစ်ရပြီး စိတ်ပျက်ရာက နောက်ဆုံးလက်တွန့်သွားကြရသည့် အခြေအနေကို ရောက်ရှိခဲ့ ကြောင်း၊ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ WFPICRC နှစ်ဖွဲ့ကလွဲ၍ တခြားအဖွဲ့အစည်း များကို အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားကြောင်း၊ ဌာနဆိုင်ရာများကို အလှူငွေမကောက် ခံရန် ညွှန်ကြားထားသည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုစေတနာရှင်များ အလှူငွေ ကောက်ခံမည်ဆိုပါက မြို့နယ်အာဏာပိုင်ထံတွင် ခွင့်ပြုချက်ရယူရကြောင်း၊ အစစ်ဆေး ခံရကြောင်း၊ ၎င်းကန့်သတ်တားမြစ်ချက်များကြောင့် အထောက်အပံ့အကူအညီများ တဖြည်းဖြည်း လျော့နည်းလာကြောင်း၊ ထိုအခြေအနေများတွင် အင်တာနက်လိုင်းများကို ပိတ်ခံထားရသည့် အတွက်ကြောင့်အကူအညီများ မည်သည့်နေရာတွင် မည်သည့်အထိ လိုအပ်နေသည်ကို အလှူရှင် များ အချိန်နှင့်တစ်ပြေးညီ မသိနိုင်တော့ကြောင်း၊ ၎င်းစစ်ပွဲများသည် မည်သည့်အချိန်ပြီးမည်ကို မသိကြောင်း၊ ငြိမ်းချမ်းရေးသည် ကမ်းမမြင်လမ်းမမြင် အခြေအနေရောက်နေကြောင်း၊ ထိုအချိန် တွင် တစ်နေ့တခြားတိုးပွားလာပြီး ဒုက္ခပင်လယ်ဝေနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် နိုင်ငံတော်အစိုးရက မည်သို့ကူညီမည်နည်း၊ မည်သို့ကူညီထားသနည်း၊ ရှေ့ဆက် မည်သို့ကူညီမည်နည်းဆိုသည်ကို အကုန်လုံးသိချင်နေကြကြောင်း၊

မြန်မာ့သမိုင်းတွင်ထင်ရှားသည့် မေတ္တာနှလုံးသားပိုင်ရှင် ဘုရင်တစ်ပါးရှိပါကြောင်း၊ ရွှေစည်းခုံ ဘုရား ဘုရားဒါယိကာကြီး ကျန်စစ်သားမင်း ဖြစ်ကြောင်း၊ ၎င်း၏ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ရွှေစည်းခုံကျောက်စာတွင်များစွာသော ခပ်သိမ်းတို့သည် သားတစ်ကွဲ၊ မယားတစ်ကွဲ၊ မိဘတစ်ကွဲ ဖြစ်ကြရကုန်၏၊ သူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့၊ သူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။ ငါ၏ ဝဲဘက်လက်ဖြင့် အဝတ်အထည် တန်ဆာကို ပေးအံ့၊ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့လို့ ကမ္ပည်းရေးထိုးကမ္ပည်းတင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀ ကျော် က သက်ဦးစံပိုင်ပဒေသရာဇ်ရှင်ဘုရင်တစ်ပါး၏ မွန်မြတ်လှသည့်စေတနာတရားကို ရင်နှင့်အမျှ ခံစားမိကြောင်း၊ ယနေ့ပြည်သူမှ ရွေးချယ်ထားသည့်၊ တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရ၏ နှလုံးအိမ်တွင် ၎င်းထက်မလျှော့သည့် မေတ္တာစေတနာ သဒ္ဓါတရားများ ပြည့်နှက်ကိန်းအောင်း နေမည်ဟု ယုံကြည်သည့်အတွက်  မေးမြန်းပါသည်။