(စ)-ကနီမြို့နယ်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်စီမံခန့်ခွဲမှုများကို ထိရောက်သော အစီအမံ များဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မိမိတို့မြို့နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လေဘေးဒဏ် ၁၄ ကြိမ်၊ ရေဘေးဒဏ် ၂ ကြိမ်နှင့် ငလျင် ဘေးဒဏ် ၁ ကြိမ်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လေဘေးဒဏ် ၁၃ ကြိမ်နှင့် ရေဘေးဒဏ် ၆ ကြိမ်၊ ငလျင်ဘေးဒဏ် ၁ ကြိမ်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း လေဘေးဒဏ် ၁၄ ကြိမ်၊ ရေဘေးဒဏ် ၃ ကြိမ် ကိုလည်းကောင်း ၂၀၁၉ ခုနှစ် မေလအထိ လေဘေးဒဏ် ၉ ကြိမ်အထိ လည်းကောင်း ခံစားခဲ့ရပါကြောင်း၊ သဘာဝဘေးများနှင့်ပတ်သက်ပြီး မှတ်တမ်းအချို့ကို တင်ပြရမည်ဆိုပါက ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် အင်အားရက်ဂျစ်စတာစကေး ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး ရပ်ကွက် သုံးခု၊ ကျေးရွာ ၁၅ ရွာရှိ စေတီ ၁၈ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ အခြားအဆောက်အဦ ၂ ခု ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရေဘေးနှင့် ပတ်သက်ပြီး ကနီမြို့နယ်သည် ချင်းတွင်းမြစ်အပြင် ပုထိုးလုံးချောင်း၊ ရေဝါချောင်း၊ သင်ကတုံ ချောင်း၊ မျိုင်းချောင်း၊ ဖိုးမဲချောင်းစသည့် ချောင်းမြောင်းပေါများသည့်ဒေသဖြစ်သည့်အပြင် နှစ်စဉ်ရေကြီး ရေလျှံမှုများ၊ မြစ်ချောင်းကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်ပြောင်းရွှေ့ ခဲ့ရမှုများ၊ စိုက်ပျိုးမြေပျက်စီးခဲ့ရမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ချောင်းရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း ထိရောက်စွာ ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊

မိမိတို့မြို့နယ်သည် လေဘေးဒဏ်ကို အများဆုံးနှင့် အဆိုးဆုံးခံခဲ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် ရပ်ကွက် ၃ ခု၊ ကျေးရွာ ၁၉ ရွာတွင် လူနေအိမ် အဆောက်အဦပေါင်း ၆၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဖြစ်ခဲ့သည့်လေပြင်းကြောင့် ရပ်ကွက် ၃ ခု၊ ကျေးရွာ ၇ ရွာတွင်  လူနေအိမ်အဆောက်အဦ ၄၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် လူ ၂ ဦးသေဆုံးခြင်းနှင့် ၆ ဦး ဒဏ်ရာရခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ကျေးရွာအုပ်စု ၃ အုပ်စုတွင် လေပြင်းဒဏ်ကြောင့် လူနေအိမ်နှင့် အဆောက်အဦ ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြန်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် တိုက်ခတ်သည့်လေပြင်းကြောင့် ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၄၄ ရွာတွင် နေအိမ်နှင့်အဆောက်အဦ ၁၆၀၀ ကျော် ပျက်စီးခဲ့ရပါကြောင်း၊

သဘာဝဘေးနှင့်ပတ်သက်၍ မိမိတို့အစိုးရလက်ထက်တွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိသော်လည်းအထက်တွင် တင်ပြခဲ့သကဲ့သို့ မိမိတို့မြို့နယ်အနေဖြင့် သဘာဝဘေးနှင့် ပတ်သက်ပြီး အခြားဒေသများထက် သိသိသာသာပိုမိုဆိုးရွားစွာဖြစ်ပေါ်နေသည့်အတွက် ကနီ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဆိုးဆိုးရွားရွားကျရောက်လျက်ရှိရာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများ ပိုမိုထိရောက်ကောင်းမွန်လာစေရေး ထိရောက်သော အစီအမံများဖြင့် အမြန်ဆုံးဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။