(ဆ)-အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာနိုင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် အသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး ဖော်ပြပါနိုင်ငံတကာသဘောတူစာချုပ်များ လက်မှတ်ရေးထိုးထားခြင်းရှိသကဲ့သို့ ပြည်တွင်းတွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းထားရှိပြီး နည်းဥပဒေများကိုလည်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၏ ပုဒ်မ ၁၃ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး စီမံချက်များရေးဆွဲရာတွင် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သားသည် မိခင်များကို ဦးစားပေးကူညီစောင့်ရှောက်မည်ဟု ဖော်ပြပါရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေဆိုင်ရာသန်းခေါင်စာရင်းအရ နိုင်ငံံ့လူဦးရေ၏ ၄.၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူဦးရေ ၂.၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်သည်ဟု ဆိုပါကြောင်း၊ ထို့အပြင် ၂၀၁၀ ခုနှစ် ကိန်းဂဏန်း များအရ မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းခန့်သည်လည်း အလုပ်လက်မဲ့များဖြစ်နေကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ Public Access များဖြစ်သော လူသွားလမ်းပလက်ဖောင်းများ၊ ရထားများ၊ ဘတ်စ်ကားများ၊ အများသုံးအဆောက်အဦများနှင့် လူကူးကုန်းကျော်တံတားများ အစရှိသည့် အများပြည်သူဆိုင်ရာ အဆောက်အဦများတွင် ဆောက်လုပ်ထားသောပုံစံဒီဇိုင်းများကို လေ့လာ ကြည့်သည့်အခါတွင်လည်း နေရာတော်တော်များများတွင် မသန်စွမ်းသူများအတွက် ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်ထားခြင်းမရှိသည်ကို တွေ့မြင်နေရပါကြောင်း၊ အလွန်သိသာမြင်သာသော အချက်များ ဖြစ်ပါကြောင်း၊
တစ်ဖက်ကပြန်စဉ်းစားမည်ဆိုပါက ၎င်းအခြေအနေများသည် မသန်စွမ်းသူများ၏အလုပ်အကိုင် အခွင့်အလမ်းကို များစွာအတားအဆီးဖြစ်စေသောအချက်လည်းဖြစ်နေပါကြောင်း၊ အဘယ့်ကြောင့် ဆိုသော် မသန်စွမ်းသူများသည် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်အိမ်ထဲမှအပြင်ထွက်ပြီး အများ ပြည်သူနယ်ပယ်ထဲကို ဝင်လိုက်ပြီဆိုကတည်းက အတားအဆီးနှင့် စတင်တွေ့ရပြီဖြစ်သည့် အတွက် လုပ်ငန်းခွင်ကိုဝင်ရန် အလွန်ခက်ခဲသွားသောအနေအထားဖြစ်သွားပြီ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့သောအခြေအနေများသည် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ အခန်း (၂) ရည်ရွယ်ချက်တွင်ပါသော ပုဒ်မ ၃ ပုဒ်မခွဲ (ဃ) အရ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာစသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ လူ့အဖွဲ့အစည်းတွင်ပေါင်းစည်းပါဝင်နိုင်ရန်ဟူသော ဥပဒေ၏ရည်ရွယ်ချက်ကို ဥပေက္ခာပြုထား သကဲ့သို့ ဖြစ်နေပါကြောင်း၊ ပလက်ဖောင်းများတွင် Slope များလုပ်ထားသော်လည်း လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် မသန်စွမ်းသူများ၏ Slope များလုပ်ရပါလားဆိုသည်ကို သိရှိပုံ မရပါကြောင်း၊ လုပ်သော်လည်းတကယ်အသုံးပြု၍မရသောအနေအထားမျိုး ဖြစ်ပါကြောင်း၊ တစ်ချို့ ပလက်ဖောင်းပုံစံကိုကြည့်မည်ဆိုပါက ၎င်း Concept ကို ထိထိမိမိလုပ်ထားသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ၎င်းဒီဇိုင်းများကို မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းလုပ်လိုက်သည့် အတွက်လည်း ဘတ်ဂျက်အရာအားဖြင့်လည်း များစွာပိုပြီးကုန်သွားခြင်းမျိုးလည်း မဟုတ်ပါ ကြောင်း၊ ထို့အပြင် မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီးစဉ်းစားဆောင်ရွက်ရင်းက ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်ပါ စဉ်းစားထားပြီးသား ဖြစ်သည့်အတွက်ကြောင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေးနှင့် ဘေးအန္တရာယ်အမျိုးမျိုးအတွက် အရေးပေါ် အခြေ အနေများတွင် မသန်စွမ်းသူများကိုဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေး၊ ကာကွယ်ပေးရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒများချမှတ်၍ ကြီးကြပ်ဆောင်ရွက် နိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။