(ဂ)-ပြည်ထောင်စုတစ်ဝန်းလုံးရှိ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့် လျော်ညီသော စရိတ်၊ ချီးမြှင့်ငွေတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဟူ၍ မဏ္ဍိုင်ကြီးသုံးခုဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်နေကြပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကအခြေခံအကျ ဆုံးအုတ်မြစ်မှာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကောင်းမွန်မှ သာ တရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်ပြီး ၎င်းရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုသည်ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်း သာယာဝပြောလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် ယင်းသို့ခန့်အပ်တာဝန်ပေးပြီး ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု လွှတ်တော်က ၎င်းဥပဒေကိုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ကို ၂၄.၂.၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁) ဖြင့် စတင်ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ စတင်ပြဋ္ဌာန်းသည့် ၂၀၁၂ ခုနှစ်တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့် ထောက်ပံ့ငွေ ၇၀၀၀၀ ကျပ်နှင့် ရုံးသုံးစရိတ် ၅၀၀၀၀ ကျပ်ကိုပါ တစ်ပါတည်းထည့်သွင်းပေးခဲ့ပါကြောင်း၊ ထို့အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ၂၀.၆.၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃) ဖြင့် ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သော်လည်း အုပ်ချုပ်ရေးမှူး၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေနှင့် အသုံးစရိတ်ကို မပြင်ဆင်ခဲ့ပါကြောင်း၊
ယခုအစိုးရလက်ထက် ၂.၁၂.၂၀၁၆ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသော်လည်း စရိတ်နှင့်ချီးမြှင့်ငွေသည် နဂိုအတိုင်းသာရှိနေဆဲဖြစ်ပါကြောင်း၊ ယခု လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဒီမိုကရေစီနည်းကျ တစ်အိမ်တစ်မဲ စနစ်ဖြင့် ရွေးချယ်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဥပဒေများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး များက အုပ်ချုပ်ရေးမှူးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် ပြောရမည်ဆိုပါက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု နိုင်ငံ့ဝန်ထမ်းစာရေးတစ်ယောက်၏လစာသည် ၁၈၀၀၀၀ ကျပ်ဖြစ်နေသည့်အချိန်တွင် ပြည်သူတင်သော ပြည်သူ့ဝန်ထမ်းအုပ်ချုပ်ရေးမှူးတစ်ယောက်၏ ချီးမြှင့်ငွေသည် ၇၀၀၀၀ ကျပ်သာ ဖြစ်နေပါကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်၏ အခြေခံအကျဆုံးဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ချီးမြှင့်ထောက်ပံ့ငွေ သည် စာရေးတစ်ဦး၏လစာနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်ကွာခြားနေပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ ယနေ့ ၂၀၁၉ ခုနှစ် အထိ ခုနစ်နှစ်တာကာလတွင် ချီးမြှင့်ငွေမှ ယခင်အတိုင်းရှိနေဆဲဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ငွေကြေးလည်ပတ် စီးဆင်းမှုများသည် တစ်နေ့ထက်တစ်နေ့မတူညီသောကြောင့် ခေတ်ကာလနှင့်လျော်ညီအောင် ချီးမြှင့်သင့်ပါ ကြောင်း၊ ထို့မှသာ ၎င်း၏ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကို အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူများ၏ အကျိုးကို စေတနာအပြည့်အဝနှင့် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ခေတ်စကားဖြင့်ပြောရပါက အူမတောင့်မှ သီလစောင့်နိုင်မည် ဖြစ်ပါကြောင်း၊ တချို့သောမြို့နယ်နှင့် ဝေးလံခေါင်သီသောဒေသမှ အုပ်ချုပ်ရေးမှူးများသည် တစ်လလျှင် အနည်းဆုံးမြို့နယ်အစည်းအဝေးနှစ်ကြိမ်တက်ရုံဖြင့် ၎င်းတို့၏ချီးမြှင့်ငွေကုန်သွားပါကြောင်း၊ အခြေ မခိုင်ဘဲ သံတိုင်အိမ်ဆောက်ပါက ပြိုလဲနိုင်သလို ဖောင်ဒေးရှင်းမကောင်းပါကလည်း ၎င်းအဆောက်အဦကို ကြာရှည်သုံးစွဲ၍ရမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ အုပ်ချုပ်ရေးအခြေခံဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ကိုယ်စား ပြည်ထောင်စုတစ်ဝန်းလုံးရှိ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့် လျော်ညီသော စရိတ်၊ ချီးမြှင့်ငွေတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။