(စ)-တိုင်းရင်းသားမျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

 

မိမိသည် ရခိုင်ပြည်နယ်၊ မောင်တော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှ ထွန်းကျော် ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခဲ့ကြောင်း၊

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုအမည်စာရင်းများကို သတ်မှတ်ပြုစုသည့်နေရာတွင် အောက်ပါအချက်အလက်များကိုအခြေခံပြီး သတ်မှတ်ခဲ့သည်ဟု မှတ်တမ်းအရသိရကြောင်း - (က) ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သည့် သန်းခေါင်စာရင်းအရ လူမျိုးစု စာရင်းအပေါ် အခြေခံပြီးလည်းကောင်း၊ (ခ) ၁၉၅၃-၅၄ ခုနှစ်၊ သန်းခေါင်းစာရင်းတွင် လူမျိုးစု စာရင်းအပေါ်အခြေခံပြီး ကောက်ခံခဲ့ခြင်းဖြင့်လည်းကောင်း၊ (ဂ) ၁၉၆၀ ခုနှစ်၊ ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းစာပေယဉ်ကျေးမှုရုံး၏ အကြံပြုချက်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပြု ချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုဌာနချုပ်၊ တိုင်းရင်းသား လူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းချက်အရလည်းကောင်း အခြေခံပြီး ၁၉၇၃ ခုနှစ်၊ လူဦးရေ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိကြောင်း ဖော်ပြခဲ့သည်ကို မှတ်တမ်း အရ သိရကြောင်း၊ (ဃ) ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းတွင် အဆိုပါ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံပြီး လူမျိုးစာရင်း ကောက်ခံမှတ်တမ်းတင်ခဲ့ကြောင်း၊ (င) ၁၉၉၃-၂၀၁၃ ခုနှစ်အထိ သန်းခေါင်စာရင်း ကောက်ခံမှုမရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာနည်းပညာအထောက်အပံ့၊ ခေတ်မီ နည်းစနစ်ဖြင့် စာရင်းကောက်ယူခဲ့သည်ကို သိရှိရကြောင်း၊

စာရင်းပြုစု ကောက်ခံခဲ့မှုကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူနိုင်ငံသားများ၏ စီးပွားရေး၊ ပညာရေး၊ လူမူရေး အစရှိသည့် အိမ်အကြောင်းအရာများကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ယခင်က ၁၉၃၀ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ ဆယ်နှစ်ကို တစ်ကြိမ်၊ လေးကြိမ်တိတိ ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးစုအလိုက် စာရင်းတိကျစွာထုတ်ပြန်နိုင်ခဲ့သည်ဟု သိရှိရကြောင်း၊ ယခုနောက်ဆုံး ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရရှိမှုစာရင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်း သားလူမျိုးများ၏မျိုးနွယ်စုအလိုက် လူဦးရေစာရင်းကို ငါးနှစ်သက်တမ်းကြာသည့်တိုင်အောင် ထုတ်ပြန်နိုင်ခြင်းမရှိသေးသည်ကို သိရှိရကြောင်း၊ ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စုအလိုက်တည်ဆဲ ဥပဒေအရ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်အကျိုးငှာ ဆောင်ရွက်နိုင်ရန် အခက်အခဲ ရှိကြောင်း မိမိတို့ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီမှ တိုင်းရင်းသားဒေသတွင်း ကွင်းဆင်းလေ့လာသည့်အချိန်တွင် တိုင်းရင်းသားဘာသာ စာပေ၊ ယဉ်ကျေးမှုအဖွဲ့များ ဆွေးနွေးမေးမြန်းချက်အရ လည်းကောင်း၊ တိုင်းရင်းသားအရေးနှင့် ပတ်သတ်ပြီး အလုပ်ရုံဆွေးနွေးပွဲများတွင် တင်ပြချက်အရလည်းကောင်း၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပြဋ္ဌာန်းချက် အခန်း(၂) ပုဒ်မ ၃ ပုဒ်မခွဲ(ခ)(ဂ)(င) အရလည်းကောင်း၊ အခန်း(၃)(၅) ပုဒ်မ ၄ ပုဒ်မခွဲ (ဇ) အရလည်းကောင်း၊ အခန်း(၅) ပုဒ်မ ၉ ပုဒ်မခွဲ (စ)(ည) အရလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်ကို တိကျမှန်ကန်စွာ ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရရှိနိုင်ရေးအတွက်လည်းကောင်း အထူးသဖြင့် အခန်း (၅) ပုဒ်မ ၉ ပုဒ်မခွဲ (ည) ပါ လူနည်းစုဖြစ်သည့် ကွယ်ပျောက်လုနီးပါး ဖြစ်နေသည့် တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြသည့် တိုင်းရင်းသားလူနည်းစုတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးနိုင်စေရေးအတွက် ရည်ရွယ်ပြီး အောက်ပါမေးခွန်းကို မေးမြန်းလိုပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးသော်လည်း ယနေ့ အချိန်ထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်ရင်းသားလူထုများ၏ မျိုးနွယ်စုလူမျိုးအလိုက် လူဦးရေစာရင်းထုတ်ပြန်ခြင်းမရှိသဖြင့် တိုင်းရင်းသားမျိုးနွယ်စုလူမျိုး အလိုက် လူဦးရေစာရင်းထုတ်ပြန်ပေးမည့် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် အချိန်အခါ ထုတ်ပြန်မည်၊ မထုတ်ပြန်နိုင်ပါက မည်သည့်အတွက်ကြောင့် မထုတ်ပြန်နိုင် သေးသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။