(က)-ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကွက်သစ်အမှတ်(၃)လုပ်ကွက်အတွင်းရှိ သတ္တုကျင်း များကို အရေးပေါ်အမြန်ဆုံးပိတ်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

မော်ချီးဒေသတွင် အကြီးစားသတ္တုတူးဖော်ခြင်းလုပ်ငန်းကို ကယားပြည်နယ် သတ္တုတူးဖော် ထုတ်လုပ်ရေးကုမ္ပဏီနှင့် အကျိုးတူခွဲဝေခံစားသောစနစ်ဖြင့် တူးဖော်ထုတ်လုပ်လျက်ရှိပါ‌ေကြာင်း၊ လူဦးရေ သုံးသောင်းကျော်ရှိပြီး အဓိသည် ခဲကို နှစ်ပေါင်း ၁၀၀ ကျော် ထုတ်လုပ်ထားပြီး  ဖြစ်သည့် အတွက် သဘာဝဘေးအန္တရာယ် အရဆိုရင် လုံးဝဆက်လက်၍ တူးဖော်မသင့်သောနေရာများ ဖြစ်နေပါကြောင်း၊

မော်ချီးသတ္တုတွင်းဒေသအမှတ်(၃)ခဲကျင်းပေါ်ရှိ ပါမှုန့်တုံးကျောက်တောင်၏ အနီးအနား ပတ်ဝန်း ကျင်တွင် ရှိသော ခဲကျင်းများသည် တရားဝင်ခွင့်ပြုထားသည့် ကျင်းတွေရှိသကဲ့သို့ တရားမဝင် ခွင့်ပြုထားသည့် ကျင်းများ လည်း များစွာရှိပါကြောင်း၊ ခဲများတူးရာတွင် ပေ ၁၂၀၀ အထိ တူးနိုင်ပါကြောင်း၊

၁၉၈၅ ခုနှစ်တွင် မော်ချီး၏ အနောက်ဘက်ကမ်းပါးယံသည် ကြီးမားစွာပြိုကျခဲ့ရာ လူ ၂၂ ဦး သေဆုံးပြီး အိမ် ၂၁ လုံးပျက်စီးခဲ့ပါကြောင်း၊  ၁၉၈၈ ခုနှစ်တွင် မော်ချီး၏ အနောက်ဘက် ကမ်းပါး ယံသည် ဒုတိယအကြိမ် ကြီးမားစွာပြိုကျခြင်းကို ကြုံတွေ့ခဲ့သည့်အပြင် ၂၀၁၅ ခု နှစ် ‌အောက်တိုဘာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် တတိယအကြိမ် မြေပြိုမှုဖြစ် ပွားပြီး လူ ၁၇ ဦးသေဆုံးကာ (၇)ဦးပျောက်ဆုံး၍ အိမ်အလုံး ၆၀ ပျက်စီးပြီးမှ လူပေါင်း ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါကြောင်း၊

အများပြည်သူအန္တရာယ်ရှိနိုင်သော နေရာများတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ပြုလုပ်နေသော ကုမ္ပဏီ၏ လုပ်ကွက်များကို လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ မိမိတို့ အကျိုးစီးပွား ကိုသာ ရည်ရွယ်ပြီး ဆက်လက်တူးဖော်ထုတ်လုပ်မှုကြောင့်လည်းကောင်း၊ လူကပြုလုပ်သော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သော ဒေသအခေါ်အဝေါ်အရ ပါမှုန့်တုံး ကျောက်‌တောင်အောက်နှင့် အနီးအနား ပတ်ဝန်းကျင်ရှိ ကုမ္ပဏီက ခွင့်ပြုထားသော ကျင်းများကို  လည်းကောင်း၊ တရားမဝင်ခိုးတူးသော ကျင်းများကိုလည်းကောင်း၊ အမြန်ဆုံးပိတ်သိမ်းပေးပါရန်နှင့် အကြီးစားသတ္တုတူးဖော်ထုတ်လုပ်ခွင့်ရထားသော ကုမ္ပဏီအနေနှင့် သဘာဝဘေးအန္တရာယ်များ အတွက် မည်ကဲ့သို့ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။