(ဂ) ရေစီးရေလာကောင်းမွန်သော ချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီးအကွက်ချရောင်းချခြင်းကြောင့် အရင်းအမြစ် များ ပျောက်ဆုံးသွားနိုင်သည့်ဘေးမှ ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကိုမည်သို့ထိရောက်စွာ အရေးယူ မည်တို့သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

(ဂ)-ပေါင်မြို့နယ်အတွင်းရှိ ရေစီးရေလာကောင်းမွန်သော ချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီး အကွက်ချရောင်းချခြင်းကြောင့် သဘာဝအရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်သည့်ဘေးမှ မည်သို့ ကာကွယ်ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကို ဥပဒေနှင့်အညီ မည်သို့ထိရောက်စွာ အရေးယူ မည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

မြန်မာနိုင်ငံအနှံ့အပြားရှိ ကျူးကျော်ဝင်ရောက်နေထိုင်ရာတွင် လယ်ယာမြေများပေါ်၊ မြေလွတ်၊ မြေရိုင်းများပေါ်၊ စားကျက်မြေနှင့် ဌာနဆိုင်ရာမြေများအပြင် မြစ်၊ ချောင်း၊ အင်းအိုင်များကိုပါ ကျူးကျော်နေသည်ကို တွေ့ရှိရပါကြောင်း၊ မြေပြင်ပေါ်တွင်ကျူးကျော်သည်ထက် သဘာဝ အလျောက် ရေစီးရေလာကောင်းမွန်သောအရင်းအမြစ်ဖြစ်သော ချောင်း၊ ‌မြောင်းများအပေါ် ကျူး ကျော်ခြင်းသည် မိုးရာသီတွင် ရေကြီးရေလျှံခြင်း၊ နွေရာသီများတွင် ရေခန်းခြောက်ပြီး ရေရှားပါးခြင်းနှင့်လည်း ကြုံတွေ့နိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး ဂေဟ စနစ်ကိုလည်း ပျက်စီးစေနိုင်ပါကြောင်း၊ လယ်ယာမြေစိုက်ပျိုးသောဒေသဖြစ်သည့်နေရာများတွင် လယ်ယာမြေများကို ရေလွှမ်းမိုးခြင်းခံရပါကြောင်း၊ လယ်သမားများ၏ဒုက္ခများက ကြုံတွေ့နေရ ပါကြောင်း၊

မိမိတို့၏ မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ပင်လယ်ရေအတက်အကျ စီးဆင်းနေသော ချောင်းများ ဖြစ်သည့် ထန်းပင်ချောင်ကြီးကျေးရွာနှင့် ရွာလေးပိုင်းထိခရွတ်ချောင်း၊ သပြုဂျောင် ကျေးရွာမှ စတင်စီးဆင်းပြီး ဆားချောင်းသည် ပေါင်မြို့တစ်ခုလုံးကို ပတ်ပတ်လည်စီးဆင်းနေပြီး ပင်လယ် ဘက်ကိုထွက်ပေါက်အဖြစ် ဆက်စပ်စီးဆင်းနေပါကြောင်း၊ ချောင်းကမ်းစပ်တွင် နုန်းတင်သော မြေသားများကို ထပ်မံမြေဖို့၍မြေကွက်ရိုက်ပြီး ခြံခတ်ကျူးကျော်နေထိုင်သည့်အတွက် ချောင်းသည် တဖြည်းဖြည်းကျဉ်းမြောင်းလာပါကြောင်း၊ ချောင်းများပေါ်တွင် အိမ်များက တဖြည်းဖြည်းခြံခတ်ပြီး အခိုင်အမာတည်ဆောက်ထားပါကြောင်း၊ ရန်ကုန်၊ မော်လမြိုင်လမ်းဘေးနားရှိ ချောင်းတွင် မြေကွက်များ ဖော်ထားပါကြောင်း၊

၎င်းမြေကွက်၏အခြေအနေကို ကြည်‌့ခြင်းအားဖြင့် အဆိုပါမြေကွက်၏ပိုင်ရှင်သည် မိမိတို့မြို့နယ် တွင် လမ်းဦးစီး၏မြေပိုင်ထားပါကြောင်း၊ ၎င်းမြေကိုမြေစာရင်းဌာနက ပိုင်ဆိုင်ခွင့်၊ ခွင့်ပြုချက် ပေးထားပါကြောင်း၊ တံတားသည် ယခုတဖြည်းဖြည်းနှင့် ရေလမ်းကြောင်းလွဲလာသည့်အတွက် အောက်ခြေတွင် ပြိုပျက်နေပါကြောင်း၊ ထန်းပင်ချောင်ရှိ ချောင်းကြီးဖြစ်သော၊ ပင်လယ်ဘက် ကိုထွက်ပေါက် ရေထွက်ပေါက်သွားသည့်ချောင်းတွင် မြေဖို့လိုက်သည့်အတွက် အလွန်ကျဉ်းသွား ပြီး ကျူးကျော်သည့်အိမ်များက တဖြည်းဖြည်းခိုင်ခိုင်မာမာဖြစ်လာပါကြောင်း၊ ထိုကဲ့သို့ ချောင်းများ အပေါ် ခြံခတ်သည့်အတွက် နှစ်တိုင်းကြုံတွေ့ရသော ရေလွှမ်းမိုးမှုများသည် အမြဲတမ်းလမ်း ပေါ်တွင်၊ အိမ်ပေါ်တွင်၊ ကျေးရွာများတွင်၊ လယ်ယာမြေများတွင် အများဆုံး နှစ်တိုင်းကြုံတွေ့ ရပါကြောင်း၊

ချောင်းများ၊ မြောင်းများအပေါ်ကို ရဲရဲဝံ့ဝံ့ကျူးကျော်ပြီး အိမ်ဆောက်ရဲသည်မှာ ဌာနဆိုင်ရာများနှင့် ပတ်သက်သူများရှိနေပါကြောင်း၊ မြေစာရင်းဌာနများ၊ လမ်းတံတားများ၊ ဆောက်လုပ်ရေးများ၊ ရေအရင်းအမြစ်ဌာနများနှင့် အုပ်ချုပ်ရေးပိုင်းများတွင်လည်း ဆက်စပ်မှုရှိသည်မှာ ငြင်း၍မရပါ ကြောင်း၊ နိုင်ငံတော်သည် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများတွင် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေး ထားပါကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါက စပြီးမြေဖို့ကတည်းက တားဆီးပြီးသားဖြစ်ရမည်၊ အရေးယူပြီးသားဖြစ်ရမည် ဖြစ်ပါကြောင်း၊ အိမ်အလုံးလောက်ကို အကောင်အထည်ဖော်သည် အထိ ဖြစ်စရာအကြောင်းမရှိပါကြောင်း၊ သက်ဆိုင်ရာမှ ဝန်ကြီးဌာနများက မိမိ၏ အောက်ခြေ ဝန်ထမ်းများ၏လုပ်ရပ်များကိုလည်း ပြန်လည်ပြီး စိစစ်အရေးယူသင်‌့ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ချောင်းများ၊ မြောင်းများကို ပြန်လည်တူးဖော်ပေးပြီး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးရန်နှင့် ကျူးကျော်သူများကို ထိရောက်စွာဥပဒေနှင့်အညီ မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။