(ဃ)-ဗန်းမောက်-ဝန်းသိုမြို့နယ် ချင်းဆက်လမ်းပေါ်တွင် ရှိသော အောင်သာကုန်း ချောင်းကူးတံတား၊ ကန်တော် ရွာအနီး သဲဖြူ ချောင်းကူးတံတားနှင့် မင်းကုန်းရွာအနီး ချောင်းကူးတံတားများအား မည်သို့စီမံချက် ချမှတ်၍ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-29

မိမိတို့ ဗန်းမောက်မြို့နယ်တွင် လူဦးရေ ၁၁၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း၊ တိုင်းရင်းသား များ ဖြစ်ကြသည့် ရှမ်းနီလူမျိုး၊ ဂဒူးလူမျိုး၊ ဂဏန်းလူမျိုးများ နေထိုင်ရာဒေသ ဖြစ်ကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင် နိမ့်ကျနေသည့်အတွက် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရန်လိုအပ်သည့် မြို့နယ်တစ်မြို့နယ် ဖြစ်ကြောင်း၊ မိမိတို့ ဗန်းမောက်မြို့နယ် အဝင်လမ်းသည် အင်းတော်-ဗန်းမောက်လမ်းတစ်ခုသာ ရှိခဲ့သဖြင့် ကုန်းတွင်း ပိတ်မြို့နယ် ဖြစ်ခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် ဝန်းသို-ဗန်းမောက် မြို့နယ်ချင်းဆက်လမ်း၊ ဗန်းမောက်-ပင်လည်ဘူး မြို့နယ်ချင်းဆက်လမ်း၊ ဗန်းမောက်-ဟုမ္မလင်း မြို့နယ်ချင်းဆက်လမ်း များကို ထပ်မံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အင်းတော်-ဗန်းမောက်-မံစီလမ်းကို  ဆောက်လုပ်ရေး ဝန်ကြီးဌာနက စီမံခန့်ခွဲပြီး ကျန်လမ်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့် လမ်း ဖြစ်ကြောင်း၊ ဝန်းသို-ဗန်းမောက် မြို့နယ်ချင်းဆက်လမ်းမြို့နယ်တွင်းလမ်းပိုင်းတွင် ကျောက် ချောလမ်းများခင်းပြီးဖြစ်ပြီး ပြုပြင်ရန်အနည်းငယ်ကျန်ရှိကြောင်း၊ ၎င်းလမ်းပိုင်း မြို့နယ်တွင်းတွင် ၆၅ ပေအထက် တံတား ခြောက်စင်းတည်ရှိပြီး တံတားနှစ်စင်းကို တည်ဆောက်ပြီးဖြစ်ကြောင်း၊ တံတားတစ်စင်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက တည်ဆောက်ပေးခဲ့ပြီး ကျန််တစ်စင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးခဲ့သည့် အတွက် အထူးကျေးဇူးတင်ကြောင်း၊ တံတားလေးစင်း တည်ဆောက်ရန် ကျန်ရှိကြောင်း၊ ၎င်း တံတားများသည် အောင်သာကုန်းရွာအနီးတွင်ရှိသည့် ချောင်းကူးတံတား၊ ဒရူးညောင်ကုန်း အနီးတွင်ရှိသည့် ချောင်းကူးတံတား၊ ကန်တော်ရွာအနီးတွင်ရှိသည့် သဲဖြူချောင်းတံတား၊ မင်းကုန်း ရွာအနီးတွင်ရှိသည့် ချောင်းကူးတံတားတို့ ဖြစ်ကြောင်း၊ သဲဖြူချောင်း တံတားကို ယခုနှစ် ပြည်ထောင်စုဘတ်ဂျက်စီမံကိန်းတွင် အဆိုပြုထားပြီး စိစစ်ဆဲဖြစ်ကြောင်း၊ အောင်သာကုန်း တံတား ၁၈၀ ပေကို တိုင်းဒေသကြီးဘတ်ဂျက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင်  လျာထား သည်ကို သိရှိရကြောင်း၊ ယခုနှစ်ခွင့်ပြုမည်ဆိုပါက တံတားနှစ်စင်းကျန်မည် ဖြစ်ကြောင်း၊

မိမိတို့မြို့နယ်တွင်း ဆက်သွယ်ထားသည့် လမ်းများ အင်းတော်- ဗန်းမောက်လမ်း ဝန်းသို-ဗန်းမောက်လမ်း ဗန်းမောက်-ပင်လည်ဘူးလမ်းဗန်းမောက်-ဟုမ္မလင်းလမ်းတို့တွင် ဆောင်ရွက်ရန် လိုအပ်သည့် တံတားခြောက်စင်း ရှိကြောင်း၊ ဆောင်ရွက်ရန် လိုအပ်သည့် အောင်သာ ကုန်းချောင်း ကူးတံတားသည် ဗန်းမောက်မြို့အနီးတွင် တည်ရှိပြီး မိုးတွင်းကာလတွင်  ဆက်သွယ်ရန် ခက်ခဲ သည့်နေရာ ဖြစ်ကြောင်း၊ လက်ရှိ ၁၈၀ ပေ တံတားဖြစ်ပြီး ၉ ပေခန့် ကျယ်သည့် ကားငယ်နှင့် သုံးဘီးဆိုင်ကယ်များသာ ဖြတ်ကူးနိုင်ပါကြောင်း၊  တံတားတည်ဆောက်ရန် လိုအပ်သည့်နေရာ ဖြစ်ကြောင်း၊ ဒရူး-ညောင်ကုန်း တံတား တိုင်းတာနေပါကြောင်း၊ ဝန်းသို-ဗန်းမောက် မြို့နယ် ချင်းဆက်လမ်းပေါ်တွင်ရှိသည့် အောင်သာကုန်း ချောင်းကူးတံတား၊ သဲဖြူချောင်းတံတား၊ မင်းကုန်းရွာအနီး ချောင်းကူးတံတားများကို မည်သို့စီမံချက်ချဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။