(စ)-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ထိစပ်လျက်ရှိသည့် ဒေသများရှိဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း၊ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

(စ)-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ထိစပ်လျက်ရှိသည့် ဒေသများရှိ ပြည်သူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသည့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တိုင်းရင်း သား လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ထိုးခဲ့ပါကြောင်း၊ အဆိုပါစာချုပ်အရ ပစ်ခတ်တိုက်ခိုက် မှုများ ရပ်စဲခဲ့ပြီး သဘောတူညီမှုများ၊ ငြိမ်းချမ်းရေးများကို ရခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ငြိမ်းချမ်း ရေးကို အကောင်အထည်ဖော်ရန် JMC ကိုဖွဲ့စည်းပြီး နှစ်ဖက်ထိစပ်ရာဒေသများတွင် JMC လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်သည်များရှိပါကြောင်း၊ သို့သော် ထိစပ်သည့် ဒေသများ တွင် ပစ်ခတ်တိုက်ခိုက်မှုကိစ္စရပ်များဘဲ မဟုတ်ဘဲ ကျန်သည့်ကိစ္စရပ်များလည်း ရှိပါကြောင်း၊ မြေယာကိစ္စ သစ်တောကိစ္စ၊ သဘာဝပတ်ဝန်းကျင်၊ မြေယာအငြင်းပွားမှု၊ လူမှုရေးကိစ္စရပ်များကို နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စတွေရှိပါကြောင်း၊ သို့သော် တရားဝင် ဆောင်ရွက်မည့် ယန္တရား ၊ အဖွဲ့အစည်းမရှိဘဲ သင့်သလိုဆောင်ရွက်ရသည် များရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရသည့်အတွက် အဆင်မပြေသည်များရှိသကဲ့သို့ အဆင်ပြေသည်များ လည်း ရှိပါကြောင်း၊ တစ်ခါတလေအဆင်မပြေမှ နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာပြီး ငြိမ်းချမ်းရေး အတွက် ထိခိုက်နိုင်မည်ကိုလည်း စိုးရိမ်မိပါကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့ ထိစပ်သည့် နေရာများတွင် အမှန်တကယ်ထိတွေ့နေရသော အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာန ဆိုင်ရာအဖွဲ့ အစည်းများက မိမိတို့ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခုတည်းဖြင့်ဆောင်ရွက်၍ မရဘဲ NCA စာချုပ်ပါအချက်များကိုလည်း အထူးသတိထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့သော် ဌာနဆိုင်ရာများ အနေဖြင့်လည်း စာချုပ်ပါ စည်းကမ်းအတိုင်းညှိနှိုင်းဆောင်ရွက်ရန် သီးခြားညွှန်ကြားထားခြင်းမရှိသည့်အတွက် ယင်းကိစ္စအပေါ်တွင် အားနည်းချက်များ ပေါ်ပေါက် လာမည်ကို  စိုးရိမ်ပါကြောင်း၊ JMC လုပ်ငန်းတာဝန်များအပိုဒ် ၃ တွင် လူလုပ်နှင့် သဘာဝဘေး အန္တရာယ်ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ၊ ITB နှင့်ပဋိပက္ခ ခံစားနေရသူများ၊ လူသားချင်းစာနာသည့်အခြေခံ အဆောက်အဦများ၊ ပေးဆပ်မှုကိုညှိနှိုင်းဆောင်ရွက်ရမည်။ နှစ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရမည် ဟု လည်းကောင်း၊ NCA အခန်း ၃ အပိုဒ် ၁၀(က) တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ပဋိပက္ခခံစား နေရသူများအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးခြင်းနှင့် စပ်လျဉ်း၍ NGO၊ INGO  အဖွဲ့အစည်းများနှင့် ကူညီထောက်ပံ့သူများအား နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့အစည်း များနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်ခြင်းဟူလည်းကောင်း  ပါရှိပါကြောင်း၊

ဥပမာအားဖြင့် ရွှေကျင်မြို့၊ ရဲသောင်ရွာတွင် လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်ရန် သွားရောက် ရာတွင် လူထုဗဟိုပြုစီမံကိန်းကို သက်ဆိုင်ရာ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ အစည်းတွေက NCA စာချုပ်ပါ အချက်တွေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပါဟု ဆိုသည့်အတွက် ညှိနှိုင်းဆောင်ရွက်ပါဟု ဆိုသော်လည်း JMC က ယင်းတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကိစ္စရပ် များနှင့်သာ သက်ဆိုင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်ဆံရေးရုံးနှင့် သွားရောက်တွေ့ဆုံရာတွင်လည်း အဆင်မပြေပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စ ရပ်များ ဆောင်ရွက်ရာတွင် ထိရောက်သည့် အကောင်အထည်ဖော်မှု လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် ထိရောက်သည့်အမှန်တကယ်ဆောင်ရွက်ပေးနိုင်သည့် ယန္တရားတစ်ခုကို ဖွဲ့စည်းပေးပြီး လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။